ချယ်လ်ဆီးအသင်းဟာ အေဂျက်စ်အသင်းက နယ်သာလန်နောက်ခံလူ ဟာတိုကို ပေါင်(၃၇)သန်းနဲ့ ခေါ်ယူခဲ့တာကြောင့် ဒီနှစ် နွေရာသီအပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း(၂၅၀)နီးပါး ရှိသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီမှာ ဟာတိုအပါအဝင် ကစားသမားသစ်(၈)ဦး ခေါ်ယူခဲ့ပြီး စုစုပေါင်း ပေါင်(၂၄၉)သန်း သုံးစွဲထားတာဖြစ်ပါတယ်။
ဒီနွေရာသီမှာ ချယ်လ်ဆီးအသင်းခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲ တန်ဖိုးအကြီးဆုံးဖြစ်ခဲ့တာကတော့ ဘရာဇီးလ်တိုက်စစ်မှူး ဂျော်အိုပတ်ဒရိုဖြစ်ပြီး Add-ons ကြေးနဲ့ဆိုရင် ပေါင်သန်း(၆၀)ပေးချေခဲ့ရတာပါ။
ဟာတိုကိုတော့ ချယ်လ်ဆီးအသင်းက ကနဦးပြောင်းရွှေ့ကြေး ပေါင်(၃၅.၅)သန်းနဲ့ Add-ons ကြေး ပေါင်(၁.၅)သန်း ပေးချေရမှာပါ။
ချယ်လ်ဆီးအသင်းနဲ့ (၇)နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ အသက်(၁၉)နှစ်အရွယ် ဟာတိုက ကစားသမားဘဝနောက်တစ်ဆင့် တက်လှမ်းဖို့အတွက် ချယ်လ်ဆီးက အကောင်းဆုံးနေရာဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ အလွန်ပျော်ရွှင်ကြောင်း ပြောကြားခဲ့ပါတယ်။















