မန်ချက်စတာယူနိုက်တက်လက်ထောက်နည်းပြဟောင်း မြူလန်စတင်းက အာဆင်နယ်လူငယ်တိုက်စစ်ကစားသမား နွမ်နယ်ရီအနေနဲ့ ဟီဗင်နဲ့ အိုဘီတို့လိုပဲ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့နိုင်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
အသက် (၁၈) နှစ်အရွယ် အင်္ဂလန်လူငယ်တိုက်စစ်ကစားသမား နွမ်နယ်ရီဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး အာဆင်နယ်အသင်းက စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပေမဲ့ လက်ရှိအချိန်ထိ အဆင်မပြေသေးဘူးလို့ သတင်းတွေထွက်နေတာပါ။
အာဆင်နယ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်အရ နွမ်နယ်ရီဟာ ၂၀၂၆ ဇန်နဝါရီကစပြီး ပြည်ပကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ မြူလန်စတင်းကတော့ နွမ်နယ်ရီအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ကြတဲ့ အာဆင်နယ်လူငယ်တွေဖြစ်တဲ့ ဟီဗင်နဲ့ အိုဘီတို့လိုပဲ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာနိုင်တယ်လို့ ပြောကြားခဲ့တာပါ။
မြူလန်စတင်းက "အေဒင်ဟီဗင်ကို မန်ချက်စတာယူနိုက်တက်အသင်း ခေါ်ယူနိုင်တာ အရမ်းကောင်းပါတယ်။ အိုဘီလည်း ထပ်ရောက်လာတာကြောင့် အာဆင်နယ်ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ကစားဖို့ လမ်းကြောင်း ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ နွမ်နယ်ရီလည်း မန်ချက်စတာယူနိုက်တက်ကို ရောက်လာနိုင်ပါတယ်။ အာဆင်နယ်ကစားသမားတွေအနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေကြတာဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ မန်ချက်စတာယူနိုက်တက်အနေနဲ့ နွမ်နယ်ရီကို ခေါ်ဖို့တော့ နည်းနည်းခက်နိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့ နွမ်နယ်ရီကို ခေါ်ဖို့ဆိုရင် အရင်ကစားသမား (၂) ယောက်ထက် ငွေပိုသုံးဖို့ လိုပါတယ်"လို့ ပြောကြားခဲ့တာပါ။
နွမ်နယ်ရီဟာ အာဆင်နယ်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ကွင်းလယ်တိုက်စစ်မှာသာမက တောင်ပံတိုက်စစ်မှာပါ ကစားနိုင်သူဖြစ်ပြီး အနာဂတ်မှာ ထွန်းထောက်လာမယ်လို့ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၇) ပွဲမှာ (၉) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ခဲ့တာပါ။ ဒါကြောင့် သူ့ကို အာဆင်နယ်အသင်းက စာချုပ်သစ် ချုပ်ဆိုဖို့ အပူတပြင်း ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
Photos: Getty Images & B/R















