မြန်မာဖိုက်တာ စိုးမိုးဇော် MMA ပြိုင်ပွဲ ခါးပတ်လုပွဲမှာ မလေးရှားဖိုက်တာနဲ့ ထိုးသတ်မယ်

မြန်မာဖိုက်တာ စိုးမိုးဇော် MMA ပြိုင်ပွဲ ခါးပတ်လုပွဲမှာ မလေးရှားဖိုက်တာနဲ့ ထိုးသတ်မယ်
Photo- GMA
Photo- GMA
Published 28 July 2025

God of Martial Arts (GMA) က ကျင်းပမယ့် MMA ပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့သမားစိုးမိုးဇော်ဟာ (၆၃) ကီလိုတန်း ခါးပတ်လုပွဲမှာ မလေးရှားဖိုက်တာ လုရစ်လောင်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

GMA 07 လို့ အမည်ပေးထားတဲ့ MMA ပြိုင်ပွဲကို လာမယ့်သြဂုတ် ၂ ရက်မှာ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ GMA Arena အားကစားရုံမှာ ကျင်းပပြု လုပ်မှာ ဖြစ်ပါတယ်။ 

ပြိုင်ပွဲမှာ တွဲဆိုင်း (၉) ဆိုင်း ပါဝင်မှာဖြစ်ပြီး စိုးမိုးဇော်နဲ့ မလေးရှားဖိုက်တာ လုရစ်လောင်တို့ဟာ ပွဲစဉ်(၆) မှာ (၆၃) ကီလိုတန်း ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

 မြန်မာဖိုက်တာ စိုးမိုးဇော်နဲ့ မလေးရှားဖိုက်တာ လုရစ်လောင်တို့ဟာ MMA ပြိုင်ပွဲဖြစ်တာကြောင့် (၅) မိနစ်၊ (၅) ချီ ယှဉ်ပြိုင်ထိုးသတ်ပြီး ချန်ပီယံ ခါးပတ်ကို လုရမှာ ဖြစ်ပါတယ်။

 ပြိုင်ပွဲမှာ မြန်မာဖိုက်တာနှစ်ဦး အချင်းချင်းယှဉ်ပြိုင်ထိုးသတ်တဲ့ တွဲဆိုင်းတစ်ဆိုင်းကိုလည်း ထည့်သွင်းထားကြောင်း သိရပါတယ်။

 မြန်မာဖိုက်တာနှစ်ဦးဖြစ်တဲ့ ကျော်ခန့်ဝင်းနဲ့ ဆမ်မြူရယ်ချန်တို့ဟာ ပြိုင်ပွဲ ပွဲစဉ် (၃) မှာ (၅၅) ကီလိုတန်း ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

 အသက် (၂၆) နှစ်၊ အရပ် (၅) ပေ (၇) လက်မရှိ မလေးရှားဖိုက်တာ လုရစ်လောင်ဟာ  နောက်ဆုံးပွဲအဖြစ် ပြီးခဲ့တဲ့မေလအတွင်းက ပရော်ဖက်ရှင်နယ် MMA ပွဲ ထိုးသတ်ထားကြောင်း သိရပါတယ်။

 မလေးရှားဖိုက်တာ လုရစ်လောင်ဟာ  နောက်ဆုံးထိုးသတ်ထားတဲ့ ပရော်ဖက်ရှင်နယ် MMA ပွဲမှာ ကမ္ဘောဒီးယားဖိုက်တာကို ပထမအချီမှာတင် အလဲထိုးနဲ့ အနိုင်ရထားပါတယ်။

မလေးရှားဖိုက်တာ လုရစ်လောင်ဟာ MMA ပွဲ​တွေကိုသာ အစဉ်တစိုက် ထိုးသတ်လာသူဖြစ်ပြီး အပျော်တမ်းပွဲ (၈) ပွဲ ထိုးသတ်ထားရာ (၅) ပွဲ အနိုင်ရပြီး (၃) ပွဲရှုံးနိမ့်ထားကြောင်း သိရပါတယ်။

 မြန်မာဖိုက်တာ စိုးမိုးဇော်ဟာ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့တဲ့ဇွန်လအတွင်းက ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲအဖြစ် မော်ရိုကိုဖိုက်တာ မိုဟာမက်ကိုဖီနဲ့ ယှဉ်ပြိုင်ထိုးသတ်ထားပြီး အမှတ်နဲ့ အနိုင်ရရှိထားပါတယ်။

 စိုးမိုးဇော်ဟာ အဲဒီပွဲမတိုင်မီ ပြီးခဲ့တဲ့ဧပြီအတွင်းက ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲအဖြစ် အိမ်ရှင်ဖိုက်တာ ဟန်ဆမန်နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာမှာ ခြေထောက်ဒဏ်ရာ ရရှိခဲ့ပြီး ရှုံးနိမ့်ထားခဲ့ပါတယ်။ 

စိုးမိုးဇော်ဟာ အဲဒီခြေထောက်ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူခဲ့ရပြီး ပြီးခဲ့တဲ့ဇွန်လ အတွင်းကမှ ပွဲများပြန်လည်ထိုးသတ်လာ ခြင်းဖြစ်ပါတယ်။ 

စိုးမိုးဇော်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ  အခြေချပြီး ခွန်ခမာပြိုင်ပွဲတွေကို အစဉ်တစိုက် ထိုးသတ်နေသူဖြစ်ပါတယ်။  

စိုးမိုးဇော်ဟာ သြဂုတ် ၂ ရက်မှာMMA ပွဲကို ပြောင်းလဲထိုးသတ်ရမှာဖြစ်သလို (၅) မိနစ်၊ (၅) ချီ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်တာကြောင့်  အခက်တွေ့ဖွယ်ရှိနေပါတယ်။ 

ဒါ့အပြင် ပြိုင်ဘက် မလေးရှားဖိုက်တာ လုရစ်လောင်ဟာ MMA ပွဲ​တွေကိုသာ အစဉ်တစိုက် ထိုး သတ်လာသူဖြစ်တာကြောင့်လည်းစိုးမိုးဇော်အတွက် စိန်ခေါ်မှု ဖြစ်လာဖွယ်ရှိနေပါတယ်။ 

ဒါပေမဲ့ စိုးမိုးဇော်က လာမယ့် သြဂုတ် ၂ ရက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ သူ့ရဲ့ Facebook လူမှုကွန်ရက်က​နေ ပြောကြားထားပါတယ်။ 

 

 

 

Most Read

Most Recent