ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် သတ်မှတ်ဝန်ဆောင်ခအပြင် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို အလုပ်သမားများထံမှ ကောက်ခံခွင့်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။
အေဂျင်စီများသည် နိုင်ငံအလိုက်စေလွှတ်မှုအလုပ်သမားများအတွက် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ပေးဆောင်ကြရကြောင်း၊ အေဂျင်စီများသည် သတ်မှတ်ထားသည့် ဝန်ဆောင်ခအပြင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို အလုပ်သမားများထံမှ သီးခြားကောက်ခွင့်ရှိကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ Safe Migration က ဖော်ပြထားသည်။
ထို့ပြင် အေဂျင်စီများအနေဖြင့် ကုန် သွယ်လုပ်ငန်းခွန်အတွက် မှန်မှန်ကန်ကန် ကောက်ခံရန် လိုအပ်သကဲ့သို့ ပိုမိုကောက်ခံ သည့် အေဂျင်စီများကိုလည်း အလုပ်သမား များမှ တိုင်ကြားနိုင်ကြောင်း၊ အမေရိကန်ဒေါ် လာ၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်ငွေများအပေါ် နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် ကောက်ခံခြင်းဖြစ်ပြီး နိုင်ငံခြားငွေတွက်ချက်မှုမှာ သက်ဆိုင်ရာဘဏ္ဍာနှစ်၏ ပျမ်းမျှ FX Trading Rate ဖြစ်သဖြင့် နှစ်စဉ်ပြောင်းလဲမှု ရှိိသည်ဟု ထုတ်ပြန်ထားသည်။
လက်ရှိတွင် ပြည်ပသို့အလုပ်သမားစေလွှတ်ရာတွင် ပြည်ပမှ ပြန်လာသည့် အလုပ်သမားများနှင့် အသစ်စေလွှတ်မည့် အလုပ်သမားများကို နှိုင်းယှဉ်၍ စေလွှတ်နေသည်ဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောကြားသည်။
ပြည်တွင်းလုပ်သားရှားပါးမှု၊ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုတို့ကို လျှော့ချနိုင်ရေးအတွက် ပြည်ပမှ အလုပ်လုပ်ကိုင်ပြီး သက်တမ်းပြည့်၍ ပြန်လည်ရောက်ရှိလာသော အရေအတွက်နှင့် အသစ်စေလွှတ်ရမည့် လုပ်သားအရေအတွက်ကို နှိုင်းယှဉ်ကာ စေလွှတ်နေခြင်းဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများသို့ မြန်မာလုပ်သားစေလွှတ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြထားသည့် နိုင်ငံအလိုက်စေလွှတ်ရေးလုပ်ငန်းစဉ် (SOP) များနှင့်အညီ စိစစ်ခွင့်ပြုစေလွှတ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် အေဂျင်စီများအနေဖြင့် အလုပ်သမားများ စေလွှတ်ရာတွင် လုပ်ခလစာ အကျိုးခံစားခွင့် များပြားသည့်နိုင်ငံများသို့ စေလွှတ်နိုင်ရေးဆောင်ရွက်စေလိုကြောင်း၊ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သတ်မှတ်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းအစီအစဉ် (SOP)များနှင့်အညီ လိုက်ပါဆောင်ရွက်ရေးတို့ကိုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ လုပ်သားအများစုမှာ ထိုင်း၊ မလေးရှား အစရှိသည့်အိမ်နီးချင်းနိုင်ငံများအပြင် ဂျပန်၊ ကိုရီးယားနိုင်ငံများသို့လည်း သွားရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။















