မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ နှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြောကြားသည်။
မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သူများအား မလေးရှားအာဏာပိုင်များက ဖမ်းဆီး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်လျက်ရှိခြင်းကြောင့် မလေးရှားအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့အကြား နိုင်ငံသားများ ပြန်လည်ပို့ဆောင်ရန် ညှိနှိုင်ဆွေးနွေးခြင်းများ ရှိပါသလားဆိုသည့် သတင်းဌာနတစ်ခု၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်း ဖြစ်သည်။
" မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ နှစ်နိုင်ငံ တာဝန်ရှိသူများမှ ညှိနှိုင်းဆွေးနွေး၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသားများ ပြန်လည် ဝင်ရောက်လာပါက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေး၊ လက်ခံ ဆောင်ရွက်ပေးလျက်ရှိပါသည်" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြောကြားသည်။
လက်ရှိတွင် မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ပြည်ပလုပ်သားများကို မလေးရှားအစိုးရက ပိုက်စိပ်တိုက် စစ်ဆေး ဖမ်းဆီးမှုများရှိနေပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသား ထောင်နှင့်ချီ ဖမ်းဆီးခံနေရကြောင်း သိရသည်။
မလေးရှားအစိုးရ၏ အထူးအစီအစဉ်အရ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လိုပါက မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ တောင်းခံပြီး အထောက်အထားခိုင်လုံပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) ကို နေ့ချင်းပြီး ထုတ်ပေးနေသည်ဟု မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများမှာ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်း၊ ရပ်ကွက်/ကျေးရွာထောက်ခံစာ၊ မိဘညီအကို မောင်နှမ ဆွေမျိုးသားချင်းများ၏ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်တို့ဖြစ်ကြောင်း သိရသည်။
သို့သော် C of I အတုများဖြင့် မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် C of I အတုဖြင့်ဝင်ရောက်သူနှင့် C of I အတုပြုလုပ်သူများ ကို စစ်ဆေးဖော်ထုတ်ပြီး မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။















