စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဥက္ကဋ္ဌ ဗာရန်ဒက်စ်က အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ပျက်ကွက်နေတဲ့ ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်ကို စည်းကမ်းပိုင်းဆိုင်ရာအရ အရေးယူမှုပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ယိုကယ်ရက်စ်(၂၇ နှစ်)ဟာ စပို့တင်းလစ္စဘွန်းနဲ့ လမ်းခွဲတော့မယ်လို့ အတိအလင်းပြောကြားထားသူဖြစ်ပြီး အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာပါ။
အာဆင်နယ်အသင်းကလည်း သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းမရတာကြောင့် လက်ရှိအချိန်အထိ အဆင်မပြေသေးပါဘူး။
စပို့တင်းလစ္စဘွန်းအသင်းက ယိုကယ်ရက်စ်ကို ဇူလိုင်(၁၂)အထိ နွေရာသီအားလပ်ရက်အဖြစ် သတ်မှတ်ပေးထားပေမဲ့ ယိုကယ်ရက်စ်က ပြန်လည်ပူးပေါင်းခြင်းမရှိခဲ့ပါဘူး။
ဒါကြောင့် အသင်းပြောင်းရွှေ့နိုင်ခြင်း မရှိခဲ့ဘူးဆိုရင် အရေးယူသွားမယ်လို့ ဗာရန်ဒက်စ်က ပြောကြားခဲ့တာပါ။
''စျေးကွက်ပိတ်ချိန်မှာ အရာရာဖြေရှင်းပြီးဖြစ်သွားမှာပါ။ များပြားတဲ့ ဒဏ်ကြေးငွေ ပေးဆောင်ပြီး အသင်းကို တောင်းပန်ရမှာပါ။ သူတို့က(အာဆင်နယ်ကို ဆိုလို) ယိုကယ်ရက်စ်အတွက် သင့်လျော်တဲ့ စျေးကွက်တန်ဖိုးကို မပေးချင်ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ နောက်ထပ်(၃)နှစ်တာကို သက်သောင့်သက်သာ ဖြတ်သန်းသွားမှာပါ။ သူတို့ရဲ့ လုပ်ဆောင်မှုမှားယွင်းခဲ့ရင် ကစားသမားက ထွက်ခွာဖို့ ပိုခက်ခဲသွားပါလိ်မ့်မယ်။ ကလပ်အသင်းရဲ့အထက်မှာ ဘယ်သူမှ မရှိပါဘူး'' လို့ ဗာရန်ဒက်စ်က ပြောကြားခဲ့ပါတယ်။















