အန်ဖီးလ်ကွင်းပြင်ပမှာ ယမန်နေ့က ပြုလုပ်တဲ့ ဂျိုတာအတွက် အောက်မေ့ဂုဏ်ပြုခြင်းအခမ်းအနားကို ဇနီးဖြစ်သူ ရူတေကာဒိုဆိုနဲ့ လီဗာပူးလ်အသင်းသားများ တက်ရောက်ခဲ့ပါတယ်။
ကာဒိုဆိုဟာ ကလေးသုံးယောက်နဲ့အတူ ကျန်ရစ်ခဲ့ပြီး ဂျိုတာ ကားမတော်တဆမှုမဖြစ်ခင် ၁၁ ရက်ကမှ လက်ထပ်ထားခဲ့တာဖြစ်တယ်။
လီဗာပူးလ်ကစားသမားနဲ့ ဝန်ထမ်းတွေဟာ အခုတစ်ပတ်တည်းမှာ တစ်ဦးချင်းအလိုက် တက်ရောက်ဂုဏ်ပြုမှု ပြုထားပြီး အခု နည်းပြဖြစ်သူ အာနယ်ဆလော့နဲ့အတူ ထပ်မံတက်ရောက်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဂျိုတာ ကွယ်လွန်ပြီးနောက် ပထမဆုံးပွဲအဖြစ် လာမယ့်တနင်္ဂနွေနေ့မှာ ပရက်စတန်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲ ကစားမှာဖြစ်ပါတယ်။
ပွဲမတိုင်ခင် ဂျိုတာနဲ့ ညီဖြစ်သူ အန်ဒရေဆေးလ်ဗား ကွယ်လွန်ခြင်းအတွက် တစ်မိနစ်ငြိမ်သက်ခြင်း ပြုလုပ်သွားပါလိမ့်မယ်။
လီဗာပူးလ်အသင်းဟာ သောကြာနေ့ညပိုင်းမှာလည်း ဂျိုတာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၀ ကို ထာဝရအနားပေးမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
လီဗာပူးလ်အသင်းက ကာဒိုဆိုအပါအဝင် ဂျိုတာရဲ့မိသားစုနဲ့ တိုင်ပင်ပြီး အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်။
လီဗာပူးလ်အသင်းရဲ့ထုတ်ပြန်ချက်မှာ ဂျိုတာကို ဂုဏ်ပြုမှုနဲ့ အမှတ်တရရှိစေဖို့ အခုလို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။















