■ မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး သတင်းမီဒီယာများကို ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ရန်ကုန်မြို့တွင်ပြုလုပ်

■ မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး သတင်းမီဒီယာများကို ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ရန်ကုန်မြို့တွင်ပြုလုပ်
Published 4 July 2025

■လက်တွေ့စမ်းသပ်မဲပေးရန် မဲပေးစက်အလုံးရေ ၂၅၀၀ ထုတ်လုပ်ဖြန့်ဝေထား

ရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများက မဲပေးစက်နှင့် ပတ်သက်ပြီး သတင်းမီဒီယာများကို ရှင်းလင်းပြသနေစဉ် (ဓာတ်ပုံ- ကျော်ဇင်ဝင်း)

Myanmar Electronic Votiong Machine(MEVM) မဲပေးစက်နှင့်စပ်လျဉ်းပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့က ဦးစီးဆောင်ရွက်သည့် သတင်းမီဒီယာများအား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရုံးတွင် ဇူလိုင် ၄ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက နှုတ်ခွန်းဆက်စကားပြောပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဝင်ဦးအောင်လွင်ဦးက မြန်မာအီလက်ထရွန် နစ်မဲပေးစက်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က မြန်မာအီလက်ထရွန်နစ်မဲပေးစက်အကြောင်းကို သရုပ်ပြရှင်းလင်းပြောကြားကာ အခမ်းအနားတက်ရောက်လာ သည့် သတင်းမီဒီယာများက မဲပေးစက်များ၏ မဲပေးပုံကို လေ့လာမှုပြုလုပ်ခဲ့ကြသည်။

လက်ရှိတွင်မဲပေးစက်အသိပညာပေးရန် စက်အလုံးရေ ၂၅၀၀ ထုတ်ထားကြောင်း သိရသည်။

“အသိပညာပေးဖို့အတွက် ကျွန်တော်တို့လောလောဆယ် စက်အလုံး ၂၅၀၀ ထုတ်ထားပေးတယ်။ မြို့နယ်တွေခွဲထားပေးတယ်။ ရွေးကောက်ပွဲအတွက်လည်းထုတ်နေတယ်။ အရေအတွက် (စက်အလုံးရေ)ငါးသောင်းကျော်လောက်ရှိမယ်”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ပြောကြားသည်။

MEVM မဲပေးစက်ဖြင့် မဲပေးရာတွင် မဲပေးမည့်သူသည် လျှို့ဝှက်မဲပေးစနစ်ဖြင့်သာမဲပေးရမည်ဖြစ်ပြီး မဲပေးစက်ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍နားလည်ရန်လွယ်ကူခြင်း၊ ပယ်မဲများမရှိကြောင်းသိ ရသည်။

ထို့အတူ  မဲပေးစက်ဖြင့်မဲပေးရာတွင် မဲရုံးပိတ်သိမ်းချိန်တွင် ယခင်ကကဲ့သို့မဲလက် မှတ်များကိုထုတ်ယူရေတွက်မှုမျိုး မဟုတ်ဘဲမဲပေးသူအရေအတွက်နှင့် ပါတီအလိုက်မဲရလဒ် အရေအတွက်ပါသည့် မဲရလဒ်စာရွက်သည် မဲပေးစက်မှ Print ထုတ်လိုက်ပါက စက္ကန့်အပိုင်းအတွင်း ထွက်လာမည်ဖြစ်သဖြင့်  အချိန်တိုအတွင်းမဲရလဒ်များ ရေတွက်နိုင်ခြင်းနှင့်တိကျသော မဲရလဒ်များရရှိနိုင်သည့် အားသာချက်များရရှိမည်ဖြစ်ကြောင်း သိရသည်။

“မဲပေးပြီးတာနဲ့ မဲရလဒ်က Print ထုတ်လိုက်တာနဲ့တန်းထွက်လာမှာဖြစ်ပါတယ်။ အဲဒီမှာပါတီအလိုက်မဲရလဒ်၊ Print ထုတ်တဲ့အချိန် နာရီအတိအကျပါမယ်။ မဲပေးစက်၊ မဲပုံး၊ ထိန်းချုပ်စက်တွေမှာပါတဲ့ စက်နံပါတ်တွေ အတိအကျနဲ့ မဲရလဒ်စာရွက်ကထွက်မှာဖြစ်ပါတယ်။ မဲလက်မှတ်တွေကို ဖွင့်ဖောက်ရေတွက်စရာမလိုပါဘူး။ မဲလက်မှတ်တွေကိုတော့ မဲရလဒ်အပေါ် ကန့်ကွက်လွှာ တင်လာတာမျိုးရှိတဲ့အချိန်မှသာ ဖွင့်ဖောက်စစ် ဆေးမှာဖြစ်ပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ပြောကြားသည်။

MEVM မဲပေးစက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ငါးခုရှိပြည်သူတစ်သိန်းကျော်အား ပြုလုပ်ထားပြီးဖြစ်ကာ စက်အသုံးပြုရန်အတွက် နည်းပြဆရာ ဖြစ်သင်တန်းများကိုလည်း ရွေးကောက်ပွဲကော်မရှင်က ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

ယင်းမဲပေးစက်များနှင့်စပ်လျဉ်း၍ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၊ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်များ၊ မဲရုံမှူး၊ လုပ်ငန်းလမ်းညွှန်များ၊ အီလက်ထရွန်နစ် မဲပေးစက်အသုံးပြုခြင်းဆိုင် ရာလုပ်ငန်း လက်စွဲစသည်တို့တွင် လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှုများကို ဆောင်ရွက်ထားကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ပြောကြားသည်။

မဲပေးစက်(EVMs)များအပါအဝင် E-Voting စနစ်ကို အာဂျင်တီးနား၊ ဘရာဇီး၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊  ဘယ်လ်ဂျီယံ၊ ဗင်နီဇွဲလားကဲ့သို့သော နိုင်ငံများအပါ အဝင် ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံ တွင်အသုံးပြုလျက်ရှိပြီး ယင်းနိုင်ငံများတွင် အသုံးပြုလျက်ရှိသော အီလက်ထရွန်နစ်မဲပေးစက်များကို လေ့လာ၍ မြန်မာနိုင်ငံရှိ မဲဆန္ဒရှင်ပြည်သူလူထုတို့၏ စာတတ်မြောက်မှုနှုန်း၊ နားလည်နိုင်မှုအခြေအတို့နှင့် အကိုက်ညီဆုံးဖြစ်သော ဒီဇိုင်းကိုတီထွင်ထားခြင်း ဖြစ်ကြောင်းသိရသည်။

မြန်မာအီလက်ထရွန်နစ်မဲပေးစက်၏ လုံခြုံစိတ်ချရမှုအနေဖြင့် Internet, Wifi, Bluetooth စနစ်များမပါဝင်ခြင်း၊ မိုဘိုင်းဖုန်း၊ ကွန်ပျူတာများကဲ့သို့ Os,Android Os များ မပါဝင်ခြင်း၊ Microcontroller စနစ်ဖြစ်သည့်အတွက် ရိုးရှင်း၍လုံခြုံစိတ်ချရသောစနစ်ဖြစ်ခြင်း၊ မဲရုံအတွင်း၌ အများမြင်သာသောနေရာတွင် တပ်ဆင်ထားမည် ဖြစ်ခြင်း၊ မဲပေးရန်အသုံးပြုသော ခလုတ်များသည် အကြိမ်သန်းချီ၍ အသုံးပြုနိုင်သောခလုတ်များ  အသုံးပြုထားကြောင်း သိရသည်။

Most Read

Most Recent