ကော့သောင်းမြို့ အထက (၃) ကျောင်းမှ ကျောင်းသားတစ်ဦးက တစ်ခန်းထဲနေ ကျောင်းသားတစ်ဦးကို ပေါက်တူးရိုးဖြင့်ရိုက်ခဲ့မှုတွင် ကျူးလွန်သူ ကျောင်းသားအား ကျောင်းတစ်နှစ်နားပြီး မိဘထံပြန်လည်အပ်နှံခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ်မှာ ဇွန် ၅ ရက် နေ့လယ် ၃ နာရီခန့်တွင် အထက(၃)၊ အေးရိပ်ငြိမ်မှ ကျောင်းသားတစ်ဦးကို တစ်ခန်းထဲနေကျောင်းသားတစ်ဦးက ပေါက်တူးရိုးဖြင့် ရိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသားမှာ ဆေးရုံက ဆင်းပြီးဖြစ်ကာ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း၊ ဒဏ်ရာများ ပျောက်ကင်းပါက ကျောင်းပြန်လည်တက်ရောက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေ ကျပ် ၁၀ သိန်းပေးအပ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကျူးလွန်ခဲ့သည့် ကျောင်းသားအား ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြင့် ကျောင်းတစ်နှစ်ရပ်နားပြီး မိဘထံ ပြန်လည်အပ်နှံထားကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဇွန် ၅ ရက်က မောင်ပြည့်ဖြိုးမောင်မာင်ကို တစ်ခန်းတည်းစာသင်နေသည့် မောင်ကျော်မိုးဝင်း ၊(၁၆ နှစ်)က သမိုင်းစာသင်ချိန်နှင့် သိပ္ပံစာသင်ချိန် ဆရာမအကူးအပြောင်းအချိန်တွင် ပေါက်တူးရိုးဖြင့် ရိုက်ခဲ့ကြောင်း၊ မောင်ပြည့်ဖြိုးမောင်မောင်နှင့် မောင်ကျော်မိုးဝင်းမှာရန်စရှိကြောင်း မောင်ကျော်မိုးဝင်းမှ မခံနိုင်ဘဲပေါက်တူးရိုးအားယူ၍ ဦးခေါင်းအားရိုက်ခဲ့ရာ ဦးခေါင်းကွဲခြင်းမရှိဘဲ ဝဲနားသွေးထွက်၊ ဝဲနားနောက်ဖူးယောင်ဒဏ်ရာ(သတိမေ့)(စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရရှိသည့် ဒဏ်ရာများကို ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ဆေးရုံတွင်ခွဲစိတ်ကုသမှုခံယူပြီးနောက် ဇွန် ၇ ရက်တွင် အနည်းငယ်ပြန်မြင်ခဲ့ရကြောင်း ယခုအခါသက်သာပြီး နောက်မျက်လုံးပြန်မြင်ရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။















