“သတင်းစာဗျို့” ဟု အသက် ၆၀ ခန့်ရှိမည့် သတင်းစာပို့သူ အမျိုးသားကြီး တစ်ဦးက သုဝဏ္ဏမြို့နယ်ရှိ နေအိမ်တစ်အိမ်ရှေ့၌ အော်လိုက်သည်။ နေအိမ်အတွင်းမှ အသက် ၁၂ နှစ်အရွယ်ခန့် ကလေးငယ်တစ်ဦး ပြေးထွက်လာပြီး ထိုအမျိုးသား၏ လက်ထဲမှ သတင်းစာကိုယူကာ သူ၏ အိမ်ထဲသို့ ပြေးဝင်သွား၏။ ဒါက လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော်ခန့်ကဖြစ်ပြီး နိုင်ငံပိုင် သတင်းစာများ၌ အစိုးရ၏ အာဘော်နှင့် လှုပ်ရှားမှုများသာ ရေးသားဖော်ပြခွင့်ရခဲ့သည့် ၂၀၀၃ ခုနှစ်ကျော် ကာလများက ဖြစ်သည်။
အစိုးရ တာဝန်ရှိသူများ ဟိုသွား၊ ဒီသွား၊ ဟိုလုပ် ဒီလုပ်များကိုသာ ခေါင်းကြီးပိုင်းတွင် အဓိကထား ဖော်ပြသည့် နိုင်ငံပိုင် သတင်းစာများကသာ နေ့စဉ်ဖြစ်ပျက်နေမှုများကို ပြည်သူများအတွက် ဖော်ပြပေးနေသယောင် ရှိခဲ့သည့် ကာလလည်းဖြစ်သည်။
နာရီလက်တံများက တရွေ့ရွေ့ ဖြတ်သန်းလျက်ရှိပြီး ယင်းကာလ၏ ဆယ်စုနှစ်တစ်ခုထက် နှစ်ခုလျော့ ကာလလောက်ကို ကျော်လွန်ခဲ့ပြီးနောက် အဆိုပါမြို့၏ နေအိမ်များတွင် မှာယူကြသည့် စာစောင်များနေရာမှ နိုင်ငံပိုင် သတင်းစာများ နေရာဖယ်ပေးခဲ့ရသည်။ ပွင့်လင်းမြင်သာသည့် ခေတ်တစ်ခုကို ရောက်ရှိခဲ့ခြင်းက ပုဂ္ဂလိက သတင်းစာများစွာ ပေါ်ထွက်လာခဲ့ပြီး ဒီမိုကရေစီစနစ်၏ စံနှုန်းများအတိုင်း အုပ်ချုပ်သူ အစိုးရ၏ အားနည်းချက်၊ အားသာချက်များကို ရှာဖွေထောက်ပြခဲ့ကြသည်။
ပြည်သူများအကြား ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ရှာဖွေဖော်ပြ ပေးခဲ့ကြသည်။ ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်များကို တင်ပြယူဆောင် ပေးခဲ့ကြသည်။ ဖုံးကွယ်ခံထားရသည့် အမှန်တရားများကို ရှာဖွေထောက်ပြ ခဲ့ကြသည်။ ပြည်သူများထဲက ပြည်သူတွေဖြစ်သည့် သုဝဏ္ဏမြို့နယ်မှ မြို့သူမြို့သားများလည်း ပြည်သူနှင့်ဆိုင်သည့် နိုင်ငံတော်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများအား စဉ်ဆက်မပြတ် သိရှိလိုခြင်းကြောင့် အဆိုပါ သတင်းစာတွေကို မှာယူဖတ်ရှုခဲ့ကြ၏။
မြို့သူမြို့သား အချို့ကတော့ ရုပ်သံချယ်နယ်များစွာပါသည့် ရုပ်သံလိုင်း တစ်ခုခုကို ဝယ်ယူကြည့်ရှုကြရင်း ကမ္ဘာကြီးကို အမီလိုက်ခဲ့ကြသည်။ သို့သော် သတင်းစာများ၏ ဖော်ထုတ်ရေးသားမှုများ၊ သုံးသပ်တင်ပြမှုများကို မေ့မထားခဲ့ကြပေ။ လက်ဖက်ရည်ဆိုင်ထိုင်ရင်း၊ ကားစီးရင်း၊ ထမင်းစားရင်း စသည်ဖြင့် အချိန်တချို့ကိုတော့ သတင်းစာများကို ဖတ်ရင်းဖြင့် ကုန်ဆုံးစေခဲ့ကြဖူး၏။ ထိုအချိန်က သုဝဏ္ဏမှ လက်ဖက်ရည်ဆိုင်တိုင်း နီးပါးတွင် အမျိုးစား မတူသည့် နေ့စဉ်ထုတ် သို့မဟုတ် အပတ်စဉ်ထုတ် သတင်းစာဂျာနယ် နှစ်စောင်လောက် ရှိနေခဲ့သည်။
Internet Cafe တွေ ခပ်စိပ်စိပ် ပေါ်ပေါက်လာခဲ့သည်တိုင် ဒီမြို့နယ်မှ ပြည်သူတွေက သတင်းစာကိုင်ဖတ်ခြင်းမှ သတင်းများကို ဖတ်ရသည်ကို အရသာရှိရှိ ခံစားခဲ့ဖူးကြသည်။ Internet Cafe တွေမှာပင် သတင်းစာ၊ ဂျာနယ်များက နေရာယူခဲ့ကြဖူးပြီး ဒီမြို့မှ လူငယ်တွေက အင်တာနက်ကို တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် အတွက်နှင့် Internet Cafe တွေ၌လည်း Dota ကဲ့သို့ Network ဂိမ်းကစားသူများသာ အများစုရှိခဲ့ကြ၏။ ထိုအချိန်ကာလများက ဒီမြို့လေး၏ မြင်ကွင်းများက ယနေ့မျက်မှောက်ခေတ်နှင့် ခပ်ဆင်ဆင်တူနေမည် ဖြစ်သော်လည်း အနည်းငယ် ကွာခြားမှုတော့ ရှိနေမည် ဖြစ်သည်။
ထိုအချိန်က နေအိမ်များ၏ နေအိမ်အပေါက်ဝများ၊ တံခါးများ၌ သတင်းစာ၊ ဂျာနယ်တစ်ခုခုကို နံနက်ခင်းတွေတိုင်း မြင်တွေ့နိုင်သည်။ ရပ်ကွက်များအလိုက် သတင်းစာ ဖြန့်ဖြူးရောင်းချသည့် သတင်းစာ ပို့သူများကိုလည်း တွေ့နိုင်၏။ လက်ဖက်ရည်ဆိုင်များတွင်လည်း မတူညီသည့် သတင်းစာများကို ကိုင်ဖတ်နေကြသူများကို တွေ့မြင်နိုင်သည်။ သတင်းစာပါ အကြောင်းအရာ ဆောင်းပါးများကို အချင်းချင်း နှီးနှောဆွေးနွေး၊ ငြင်းခုံနေကြသူများကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။
မည်သည့်အခါမျှ ရပ်တန့်မနေသည့် အရာများထဲတွင် အချိန်သည် တစ်ခုအပါအဝင်ဖြစ်ပြီး တရွေ့ရွေ့ဖြင့် ဆက်လက်သွားနေခဲ့သည်။ Internet Cafe ဆိုင်များက သူတို့၏ ဆိုင်နာမည်များကို Internet & Network Game ဟူသည့် အမည်ကို ကိုယ်စားပြုမည့် အမည်တစ်ခုခု ပေးခဲ့ကြပြီး ဒီနေရာများသည် E-Sports တန်းဝင် အွန်လိုင်းဂိမ်းများ ကစားရာနေရာများ ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့်နှစ် အနည်းငယ်ကတော့ ဒီနေရာတွေက လူမှုကွန်ရက်တွေကို လူငယ်တွေလာရောက်သုံးစွဲရ ာနေရာတွေ ဖြစ်ခဲ့ဖူးသည်။
တစ်ချိန်က လူငါးဦးလျှင် တစ်ဦးလောက်တွင်သာ အသုံးပြုသည်ကို မြင်တွေ့နိုင်သည်။ မိုဘိုင်းဖုန်းများကိုလည်း အားလုံးနီးပါးတွင် မြင်တွေ့လာရသည်။ ပြည်ပမှ တယ်လီဖုန်း အော်ပရေတာတွေက ပြည်တွင်းနှင့် အသားကျစ ပြုလာခဲ့ပြီးဖြစ်ပြီး နည်းပညာ မြင့်မားလာသည့် စမတ်ဖုန်းများကြောင့် ကမ္ဘာကြီးကို အိတ်ကပ်ထဲ ထည့်သယ်သွား၍ ရသည်ဟု ထင်နိုင်သည့် အခြေအနေတွေ ဖြစ်ပေါ်လာခဲ့ပြီလည်း ဖြစ်သည်။ မိတ်ဆွေသူငယ်အချင်းချင်း တွေ့ဆုံရန်အတွက် ရပ်ကွက်များအတွင်း စက်ဘီးဖြင့်၊ ခြေကျင်သွားလာသည့် အချိန်တွေ ကုန်ဆုံးသွားခဲ့ ပြီဖြစ်သည်။
ကမ္ဘာနှင့် မျက်ခြည်မပြတ်တော့သလို ရန်ကုန်၏ အခြားမြို့ နယ်များကဲ့သို့ပင် သုဝဏ္ဏမြို့နယ်မှ ပြည်သူတွေအကြား လူမှုကွန်ရက် Facebook အသုံးပြုမှု မြင့်မားလာခဲ့ပြီ ဖြစ်သည်။ တစ်ချိန်က သတင်းစာကိုင်ဖတ်ရင်း ငြင်းခုံဆွေးနွေး နေကြသူများက စမတ်ဖုန်းကိုယ်စီ ကြည့်နေကြရင်း ငြင်းခုံဆွေးနွေးမှုများအား အသံတိတ်စေခဲ့ပြီဖြစ်သည်။ သို့သော် ငြင်းခုံဆွေးနွေးမှုများ အဆုံးသတ်ခဲ့ခြင်းတော့ မဟုတ်ပေ။ အသံတိတ် ဆွေးနွေးခြင်းခေတ်ကို ရောက်လာသည်ဟု ဆိုနိုင်မည်လည်း ဖြစ်သည်။
စက်ဘီးဖြင့်၊ ဘက်ထရီ ဆိုင်ကယ်ဖြင့် လိုက်လံသတင်းစာ ပို့သူများထဲမှ အချို့ကို မတွေ့ရတော့ပေ။ နေအိမ်များ၏ တံခါးမှာ မြင်တွေ့နေကျ သတင်းစာများကိုလည်း ခပ်ကျဲကျဲသာ မြင်တွေ့ရတော့သည်။ ကားမှတ်တိုင်များ၊ လမ်းထိပ်များရှိ သတင်းစာ ရောင်းချနေသူများထံတွင် စာစောင်များ၊ ဂျာနယ်များက အပုံလိုက် ကျန်နေသည်ကို တွေ့မြင်လာရပြီလည်း ဖြစ်သည်။ လူတိုင်းလိုလို စမတ်ဖုန်းဖြင့် ကမ္ဘာပတ်သည့်ကာလ ရောက်ရှိသွားခြင်းဟုလည်း ခေါ်ဆိုနိုင်မည် ဖြစ်သည်။
လူကြီး၊ လူငယ်၊ ကလေး အရွယ်မရွေး အများစု၌ Facebook အကောင့်ကိုယ်စီ ရှိလာကြပြီဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် ဖုန်းခေါ်ဆိုခြင်းထက် Facebook ၏ ဆက်သွယ်ရေးကိုယ်ပွား Messenger ကို အသုံးပြု ဆက်သွယ်လာကြပြီ ဖြစ်သည်။ ၁၀ နှစ်အရွယ် ကျောင်းသားလေးတွင်လည်း အကောင့်ရှိပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတွင်လည်း အကောင့်တစ်ခုရှိမည် ဖြစ်သည်။ ထိုအကောင့်များကို အသုံးပြုပြီး သတင်းစာမှာယူခြင်း အလေ့မှသည် သတင်းမီဒီယာ Page များကို Like လုပ်ခြင်း အလေ့အထသို့ ပြောင်းလဲသွားသည့် ကာလလည်းဖြစ်သည်။
အသက် ၅၀ ကျော်အရွယ် တရားလွှတ်တော်ရှေ့နေ အမျိုးသမီးကြီးက သားဖြစ်သူကို သူမ၏ Facebook အကောင့်ပေါ်တွင် ဖတ်ရှုလိုက်ရသည့် ရန်ကုန်မြို့သို့ ဂြိုဟ်သားများ ရောက်ရှိလာသည်ဆိုသော အကြောင်းအား ဟုတ်၏၊ မဟုတ်၏ မေးမြန်းသည့် အဖြစ်အပျက်မျိုး ပေါ်ထွက်လာခဲ့ပြီလည်း ဖြစ်သည်။ တစ်ချိန်ကတော့ သူတို့သားအမိကြားတွင် အာဏာရှင် အကြောင်း၊ ဒီမိုကရေစီစနစ် အကြောင်းများကို သတင်းစာဖတ်ရှုရင်း ဆွေးနွေးခဲ့ကြဖူး၏။ သတင်းစာများသည် ကမ္ဘာ၏ အခြားနေရာများကဲ့သို့ပင် မြန်မာနိုင်ငံ၌လည်း မင်းတုန်းမင်းလက်ထက်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်ဦးနှင့် ယခုမျက်မှောက်ခေတ် ကာလအချို့က အရှိန်အဝါကြီးသည့် နေရာတွင် ရှိခဲ့ဖူးပြီး လက်ရှိတွင်လည်း အရှိန်အဝါ ကြီးနေဆဲ ဖြစ်သော်လည်း အမေ့အလျော့ခံရစ ပြုလာခဲ့ပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် မှတ်မှတ်ထင်ထင်ဖြစ်ခဲ့သည့် သတင်းစာပညာမှ ထွက်ပေါ်လာသည့် အကြောင်းတရားများစွာ ရှိခဲ့ဖူးပြီး ရှိလည်းရှိနေဆဲဖြစ်သည်။
ယနေ့မျက်မှောက်ခေတ်ကာလမတိုင်မီ နှစ်အနည်းငယ်ခန့်ကလည်း သတင်းစာလောကသည် မြန်မာနိုင်ငံ၏ အရေးပါသည့် နိုင်ငံရေးအရွေ့ တစ်ခုအတွက် အဓိကကျသည့် နေရာမှနေ၍ ပြည်သူ့အတွက် တာဝန်ထမ်းဆောင် ပေးခဲ့ကြသည်။ ပြည်သူ့မျက်နှာ တစ်ခုတည်း ကြည့်ပြီး မည်သူ့မျက်နှာမှမထောက် ရဲရဲတောက် ရေးသားဖော်ပြခဲ့ကြ၏။ သတင်းစာပညာဟူသည် တာဝန်ယူမှု၊ တာဝန်ခံမှု အရှိဆုံး ပညာရပ်တစ်ခု ဖြစ်သည့်အတွက် ပြည်သူများကလည်း သတင်းစာများကို စောင့်မျှော်ဖတ်ရှု ခဲ့ကြသည်။
သို့သော် လက်ရှိ ဒီမြို့လေးမှာကတော့ လက်ဖက်ရည်ဆိုင်များတွင်လည်းဆိုင်မှ မှာယူထားသည့် သတင်းစာ တစ်စောင်တလေကိုတောင် ဖတ်ရှုနေသူ သိပ်မတွေ့ရတော့ပေ။ တီဗီကို ငေးမော့ကြည့်နေသူပင် ရှားပါးစွာ တွေ့မြင်လာရပြီဖြစ်ပြီး အများစုကတော့ စမတ်ဖုန်းကိုယ်စီဖြင့် အလုပ်ရှုပ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ အတူတူထိုင်နေသူ အချင်းချင်း အသံတိတ် စကားပြောနေသည့် မြင်ကွင်းများကို မရိုးတမ်း မြင်တွေ့လာရပြီလည်း ဖြစ်သည်။
သုဝဏ္ဏမြို့နယ် ၂၉ ရပ်ကွက် အတွင်းရှိ လက်ဖက်ရည်ဆိုင် တစ်ခုတွင်ဖြစ်ပြီး ဒီလက်ဖက်ရည်ဆိုင်သည် လမ်းမတန်းတွင် ရှိသည့်အတွက် လာရောက်သူများသည့် ဆိုင်တစ်ခုဖြစ်သည်။ ဆိုင်ထဲတွင် အငှားယာဉ်မောင်း သုံးလေးယောက်က တစ်ဝိုင်း၊ ဆယ်ကျော်သက် အရွယ်များကတစ်ဝိုင်း စသည်ဖြင့် လက်ဖက်ရည်ဆိုင် ထိုင်နေကြသူအချို့ ရှိနေကြပြီး အငှားယာဉ်မောင်းများက Facebook ပေါ်မှ မင်းသမီးတစ်ယောက်၏ပုံကို ကြည့်ရှု၍ စကားပြောဆိုနေကြသည်။ ဆယ်ကျော်သက် ကောင်လေးများက အုပ်စုဖွဲ့ ဆော့ကစားရသည့် နာမည်ကျော် မိုဘိုင်းဂိမ်းတစ်ခုကို ဆော့ကစား နေကြသည်။
ထိုအချိန်တွင် ဆိုင်ထဲသို့ အသက် ၂၅ နှစ်ကျော်ရှိမည့် လူငယ်တစ်ဦး ဝင်ရောက်လာပြီး စားပွဲထိုးလေးထံ လက်ဖက်ရည်ကျဆိမ့်တစ်ခွက် မှာယူလိုက်သည်။ သူ့ထံတွင် စမတ်ဖုန်းပါလာပုံမရပေ။ သူသည် ဆိုင်ထဲသို့ ဟိုဒီကြည့်ပြီး တစ်ခုခုကို ရှာဖွေနေသည်ဟု ထင်ရသည်။ အချိန်အနည်းငယ် အကြာတွင် သူရှာဖွေနေသည့် အရာအား ဆယ်ကျော်သက် ကောင်လေးများ၏ ဘေးဝိုင်းမှ တွေ့မြင်လိုက်သည်ထင်၏။ သူသည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ထိုဝိုင်းတွင် ရှိနေသည့် သူရှာဖွေနေသည့် အရာအား သွားရောက်ယူငင်လိုက်သည်။ သူရှာဖွေနေသည်က နေ့စဉ်ထုတ် သတင်းစာတစ်စောင်ဖြစ်ပြီး သူရရှိလိုက်သည်ကတော့ လွန်ခဲ့သည့် နှစ်ရက်က ဆိုင်သို့လာရောက်သူတစ်ဦး ကျန်ရစ်ခဲ့သည့် ရက်လွန်သတင်းစာ တစ်စောင်သာဖြစ်၏။ ထိုအချိန်တွင် သူနှင့်ရင်းနှီးပုံရသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်က သူ့အား စကားလှမ်းပြောလိုက်သည်က “ညီလေးရေ သတင်းစာ မယူတာကြာပြီ။ မင်းအခုတွေ့တာ ဟိုတစ်နေ့က အဘိုးကြီးတစ်ယောက် ကျန်ခဲ့တာဟေ့။ သတင်းစာက မဖတ်ကြတော့ဘူးလေကွာ။ မင်းကလည်း Facebook ပေါ်တက်ကြည့် အကုန်သိနေတာပေါ့” ဟူ၍ ဖြစ်ပြီး ဆိုင်ရှင်၏ စကားသံ အဆုံးတွင်တော့ ထိုလူငယ်လေးသည် လက်ကျန် လက်ဖက်ရည်ကို မော့သောက်ပြီး ကျသင့်ငွေရှင်းကာ စိတ်မသက်မသာဖြင့် ဆိုင်မှထွက်လာခဲ့တော့သည်။










