ဧပြီ ၁၄ ရက်အထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ စုစုပေါင်း ၃၇၀၆ ဦး၊ ဒဏ်ရာရရှိသူ ၅၀၂၇ ဦးနှင့် ပျောက်ဆုံးသူ ၁၃၀ ဦးရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဧပြီ ၁၄ ရက် ညနေ (၆) နာရီ စာရင်းအရ မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူ၊ ပျောက်ဆုံးသူများနှင့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့(ဧပြီ ၁၄ ရက်) ညနေ ၆ နာရီအထိ မန္တလေးငလျင်ကြီးကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး စာရင်းများအနေနဲ့ သေဆုံးသူစုစုပေါင်း ၃၇၀၆ ဦး၊ ဒဏ်ရာရသူစုစုပေါင်း ၅၀၂၇ ဦးနဲ့ ပျောက်ဆုံးသူစုစုပေါင်း ၁၃၀ ဦးရှိပါတယ်။ နိုင်ငံတော်အစိုးအရအနေနဲ့ မိသားစုများနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နိုင်ငံတကာအကူအညီထောက်ပံ့မှုအနေနှင့် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ လေယာဉ်ခေါက်ရေ ၁၃၃ ခေါက် ရောက်ရှိခဲ့ကြောင်း၊ ကယ်ဆယ်ရေးဝန်ထမ်း ၁၈၆၂ ဦး ရောက်ရှိခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေးပစ္စည်း တန်ချိန် ၂၂၁၀ တန်ကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၁၁၇၀ တန်ကျော် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံကို ကူညီကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခြင်း၊ ပစ္စည်းများဖြင့် ထောက်ပံ့ခြင်းဆောင်ရွက်သည့် နိုင်ငံများသည် ရုရှား၊ တရုတ်၊ တရုတ်(ဟောင်ကောင်)၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘယ်ဘာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖီလစ်ပိုင်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊ တူကီရဲ၊ အမေရိကန်၊ သီရိလင်္ကာ၊ ဟောင်ကောင်၊ သြစတေးလျ၊ အဇာဘိုင်ချန် စသည့် နိုင်ငံပေါင်း ၂၂ နိုင်ငံ မှ ကူညီကယ်ဆယ်မှုများ၊ ထောက်ပံ့ပစ္စည်း ပို့ဆောင်ပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
မတ် ၂၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၌ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အများအပြားဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။















