■ လာလီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက် 
Published 4 April 2025

ဂျီရိုနာ - အလာဗတ်စ် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၆:၃၀ နာရီ)

နှစ်သင်းစလုံး တန်းဆင်းဇုန်အန္တရာယ်ကလွတ်အောင် အတိမ်းအစောင်းခံလို့ မရသေးဘူး။ အလာဗတ်စ်က အန္တရာယ်နဲ့ ပိုနီးလို့ အမှတ်ရအောင် ကစားနိုင်ဖို့ ပိုအရေးကြီးနေတယ်။ အဝေးကွင်းမှာ အလာဗတ်စ် သတိထားကစားနိုင်လို့ ဂိုးအနည်းသရေပွဲ ဖြစ်သွားမယ်ထင်တယ်။ 



ရီးယဲလ်မက်ဒရစ် - ဗလင်စီယာ (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၈:၄၅ နာရီ)

ဗလင်စီယာကစားပုံ ပြန်တက်လာနေတယ်။ တန်းဆင်း ဇုန်ထဲကလည်း လွတ်လာနေပြီဆိုပေမဲ့ အဝေးကွင်းမှာတော့ အင်အားကြီးအသင်းတွေကို ရင်ဆိုင်နိုင်တဲ့ အစွမ်းမျိုးတော့ မရှိသေးဘူး။ ရီးယဲလ်မက်ဒရစ်က ပွဲကျပ်တွေဆက်နေတယ်ဆိုပေမဲ့ ရှိတဲ့အင်အားနဲ့ ဟန်မပျက်ရှေ့ဆက်နိုင်တုန်းပဲ။ တိုက်စစ်ပိုင်းကလည်း ဂိုးပိုမြူးလာသလို တွေ့ရတဲ့အပြင် အိမ်ကွင်းလည်းဖြစ်လို့ အတိမ်းအစောင်းမရှိအောင် ကစားပြဖို့ များနေတယ်။ အစဉ်အလာအရ အသာရလေ့ရှိတဲ့ ရီးယဲလ်ကို ရွေးထားလိုက်တယ်။ ဂိုးများမယ်။



မာယော့ကာ - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၁၁:၀၀ နာရီ)

ဒီနှစ်သင်းဆုံတိုင်း တစ်သင်းကို တစ်သင်း အနိုင်ရအောင် ခက်ခက်ခဲခဲကစားကြရလေ့ရှိတယ်။ အခုလည်း ခြေစွမ်းမကွာလို့ အကြိတ်အနယ်ရှိဦးမှာပါ။ မာယော့ကာတိုက်စစ်ပုံမှန်မရှိလို့ ဆယ်လ်တာကိုပဲ ရွေးထားချင်တယ်။ ဂိုးနည်းမယ်။



ဘာစီလိုနာ - ဘက်တစ် (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် နံနက် ၁:၃၀ နာရီ)

အက်သလက်တီကိုနဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတက်ရေးအဆုံးအဖြတ်ပွဲကစားအပြီး ဘက်တစ်နဲ့ ဆက်ရင်ဆိုင်ရတာက ဘာစီလိုနာအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းစိန်ခေါ်မှုများတဲ့ပွဲလို့ ပြောရမယ်။ ဘက်တစ်က ခုတလော ကစားပုံပြန်တက်နေတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းက အတော်လေးအားကောင်းပြီး ဂိုးတွေလည်း ရနေတယ်။ ဘာစီလိုနာကတော့ ပွဲကျပ်တွေကြား အလှည့်ကျလူထုတ်တာကို မဖြစ်မနေသုံးနေရတယ်။ ခံစစ်မှာလည်း ဒဏ်ရာပြဿနာတွေရှိလို့ ကြံ့ခိုင်မှုပုံမှန်မရှိနိုင်ဘူး။ ဒီပွဲက တိုက်စစ်အား ပြိုင်မယ့်ပွဲဖြစ်တယ်။ အစဉ်အလာအရ ဘာစီလိုနာကို ဦးစားပေးရမယ့်ပွဲ ဖြစ်နေတယ်။ ဂိုးများနိုင်တယ်။

Most Read

Most Recent