■ အသင်းနည်းပြ အိုကန်ဘူရက်၏ နှာခေါင်းကို မော်ရင်ဟိုက ဆွဲညှစ်ခဲ့ခြင်းမှာ တူရကီဘောလုံးအား စော်ကားခြင်းဖြစ်ကြောင်း ဂါလာတာစာရေးဒုဥက္ကဋ္ဌ ဝေဖန်     

■ အသင်းနည်းပြ အိုကန်ဘူရက်၏ နှာခေါင်းကို မော်ရင်ဟိုက ဆွဲညှစ်ခဲ့ခြင်းမှာ တူရကီဘောလုံးအား စော်ကားခြင်းဖြစ်ကြောင်း ဂါလာတာစာရေးဒုဥက္ကဋ္ဌ ဝေဖန်     
Published 4 April 2025

ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုက မိမိတို့အသင်းနည်းပြ အိုကန်ဘူရက်၏ နှာခေါင်းကို ဆွဲညှစ်ခဲ့ခြင်းမှာ တူရကီဘောလုံးအား စော်ကားခြင်းဖြစ်ကြောင်း ဂါလာတာစာရေးအသင်းဒုဥက္ကဋ္ဌ အော့ဇ်တွတ်က ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခဲ့သည်။

    

ယင်းဖြစ်ရပ်မှာ ဧပြီ (၂) ရက်က ယှဉ်ပြိုင်ကစားသည့် တူရကီဖလား ကွာတားဖိုင်နယ်ပွဲစဉ် ဖီနာဘာချီ (၁-၂) ဂါလာတာစာရေးပွဲအပြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

အစ္စတန်ဘူလ်ဒါဘီပြိုင်ဘက်နှစ်သင်း ဆုံတွေ့သည့် ပွဲစဉ်များမှာ ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပြီး ယခုပွဲတွင်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပို၌ နှစ်သင်းစလုံးမှ ကစားသမားနှစ်ဦးစီ (အရန်ခုံမှ တစ်ဦးစီအပါအဝင်) အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ 

ပွဲအပြီး ကွင်းလယ်စက်ဝိုင်းနေရာတွင် မော်ရင်ဟိုက အနောက်မှနေ၍ ဘူရက်၏နှာခေါင်းကို ဆွဲညှစ်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် ဘူရက်မှာ မျက်နှာကို လက်ဖြင့်အုပ်၍ မြက်ခင်းပေါ်လဲကျသွားပြီး ဒိုင်လူကြီးများက အခြေအနေကို ဝင်ရောက်ထိန်းသိမ်းခဲ့ရသည်။

    

သို့ဖြစ်ရာ မော်ရင်ဟို၏လုပ်ရပ်နှင့်ပတ်သက်၍ ဂါလာတာစာရေးအသင်းဒုဥက္ကဋ္ဌ အော့ဇ်တွတ်က "ကျွန်တော်တို့မန်နေဂျာ အိုကန်နဲ့ မော်ရင်ဟိုက ဒိုင်လူကြီးတွေကို ဂုဏ်ပြုခဲ့ကြတယ်။ အဲဒီနောက်မှာ အိုကန်က ဆက်သွားနေတုန်း မော်ရင်ဟိုက ပါးစပ်နဲ့အရင်ပြောပြီး အဲဒီနောက်မှာ သူ့ကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ခဲ့တပါ။ အခုနောက်ဆုံးဖြစ်ခဲ့တာက ဂါလာတာစာရေးနည်းပြကို တိုက်ခိုက်ရုံတင်မဟုတ်ဘဲ တူရကီဘောလုံးကိုလည်း တိုက်ခိုက်တာပါ။ ဒါက မော်ရင်ဟိုပါ။ အဲဒီသတ္တိကို ဘယ်နေရာက သူ ရသွားလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒီကမ္ဘာမှာ တခြားဘယ်နေရာမှာ သူလုပ်လို့ရလဲ။ သူက တူရကီကို ဘယ်လိုထင်နေတာလဲ။ ဘောလုံးအဖွဲ့ချုပ်က အရေးမယူခင်မှာ ဖီနာဘာချီအုပ်ချုပ်မှုအဖွဲ့က လိုအပ်တဲ့ အရေးယူမှု လုပ်မယ်လို့ ယုံကြည်ပါတယ်"ဟု ပြောကြားသည်။

နှာခေါင်းညှစ်ခံခဲ့ရသည့် ဘူရက်ကမူ "ကျွန်တော်နဲ့ မော်ရင်ဟိုကြားမှာ ဘာမှ မရှိပါဘူး။ သူက ကျွန်တော့်နှာခေါင်းကို အနောက်ကနေ ဆွဲညှစ်လိုက်တယ်။ ခြစ်ရာနည်းနည်းတော့ ဖြစ်သွားပါတယ်။ တကယ်တော့ ဒါက အရမ်းကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးတွေမှာ မန်နေဂျာတွေအနေနဲ့ ပိုပြီးသင့်လျော်တဲ့အပြုအမူမျိုး လုပ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီကိစ္စကို ချဲ့ကားပြီးတော့ မပြောချင်ပေမဲ့ ဒါက ကောင်းမွန်တဲ့ကိစ္စတော့ မဟုတ်ပါဘူး"ဟု တုံ့ပြန်ပြောကြားသည်။

မော်ရင်ဟိုသည် ဂါလာတာစာရေးနှင့် ဂိုးမရှိသရေကျသည့် ယခင်ပွဲစဉ်အပြီးတွင်လည်း တူရကီဒိုင်များအား ဝေဖန်ပြောဆိုမှုကြောင့် (၄)ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ချမှတ်ခံခဲ့ရသည်။ 

Most Read

Most Recent