ကဘော်ချိုင့်ဝှမ်းဒေသသည် မြန်မာပိုင်နက်ဖြစ်ပြီး အိန္ဒိယ နိုင်ငံရေးသမားအချို့အနေဖြင့် နိုင်ငံရေး လိုဘတစ်ခုတည်းကိုကြည့်၍ နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင် မလုပ်သင့်ကြောင်း နစက တုံ့ပြန်

ကဘော်ချိုင့်ဝှမ်းဒေသသည် မြန်မာပိုင်နက်ဖြစ်ပြီး အိန္ဒိယ နိုင်ငံရေးသမားအချို့အနေဖြင့် နိုင်ငံရေး လိုဘတစ်ခုတည်းကိုကြည့်၍ နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင် မလုပ်သင့်ကြောင်း နစက တုံ့ပြန်
Published 13 March 2025

ကဘော်ချိုင့်ဝှမ်းဒေသသည် မြန်မာနိုင်ငံပိုင်နက်ဖြစ်ပြီး အိန္ဒိယနိုင်ငံရေးသမား အချို့အနေဖြင့် မိမိ၏ နိုင်ငံရေး လိုဘတစ်ခုတည်းကိုကြည့်၍ နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင် မလုပ်သင့်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အိန္ဒိယနှင့် မြန်မာနယ်စပ် မဏိပူရဒေသအကြောင်းနှင့် ကဘော်ချိုင့်ဝှမ်းကိစ္စ၊ မီဇိုရမ်လွှတ်တော်အမတ်များ ပြောကြားချက်များနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခု ပြောဆိုနေတဲ့ ကဘော်ချိုင့်ဝှမ်းဒေသဆိုတာလည်း ယခင်တိုင်းတာပြီးထဲမှာ ကျွန်တော်တို့ အသိအမှတ်ပြုပြီးထဲမှာ ပါပြီးဖြစ်ပါတယ်။ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ နယ်ခြားသတ်မှတ်ချက်အနေနဲ့ ၂၀၁၄ ခုနှစ် မေလ ၈ ရက်နေ့မှာ ချုပ်ဆိုထားတဲ့ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာလည်း ရှိပြီးဖြစ်ပါတယ်။ ကဘော်ချိုင့်ဝှမ်းဒေသနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ယခင်တုန်းကလည်း ၂၀၁၃ တုန်းကလည်း အိန္ဒိယရဲ့ အတိုက်အခံပါတီ တစ်ခု ဖြစ်တဲ့ BJP ပါတီက တမူး၊ ကလေး၊ မင်းကင်းမြို့နယ်တွေ ပါဝင်တဲ့ ကဘော်ချိုင့်ဝှမ်း ဒေသကို ပြန်ယူပေးမယ်ဆိုပြီး မဲဆွယ်တာမျိုး ရှိခဲ့တယ်။ ဒါတွေကိုလည်း ကလေးမြို့မှာရော၊ မင်းကင်းမြို့မှာရော၊ ကျွန်တော်တို့ ဒေသခံတွေက ဆန္ဒပြ ကန့်ကွက်ခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မလို ကျွန်တော်အနေနဲ့ ပြောကြားချင်တာကတော့ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံအတွက် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းအဖြစ် အမြဲရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ အချို့သော နိုင်ငံရေးသမားတွေအနေနဲ့ မိမိရဲ့ နိုင်ငံရေးလိုဘတစ်ခုတည်းကို ကြည့်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ပျက်ပြားအောင် မလုပ်သင့်ဘူးဆိုတာ ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ ပြောကြားလိုပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အသိပေးသင့်တာတွေ၊ ပြောဆိုသင့်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် ကေဗန်လယ်လ်ဗီနာ သည် အိန္ဒိယနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံ အနောက်မြောက်ဘက် နေရာဒေသများကို သွားရောက်ခဲ့သည်သော သတင်းများကို THE HINDU သတင်းဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည်ကို တွေ့ရှိပြီး ၎င်းသည် မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော်ပြီး သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဲ့ဒီခရီးစဉ်နဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ နယ်ခြားစောင့်တပ်ကို အသိပေးအကြောင်းကြားခဲ့တယ်ဆိုပြီးတော့လည်း The Hindu သတင်းဝက်ဘ်ဆိုဒ်က ဖော်ပြထားတာကို တွေ့ရပါတယ်။ ပြီးရင် CNF၊ CNA၊ Chin PDF အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုပြီးလည်း ပြောကြားထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အိန္ဒိယ- မြန်မာ နယ်စပ်ချင်း စပ်ဆက်တဲ့နေရာပေါ့၊ တမူး၊ ကဘော်ချိုင့်ဝှမ်းဒေသနဲ့ ပတ်သက်ပြီးလည်း အိန္ဒိယ အထက်လွှတ်တော် အစည်းအဝေးမှာ မဏိပူရပြည်နယ် ပါလီမန် လွှတ်တော်အမတ် တစ်ဦး ကနေပြီး ဒီဟာနဲ့ပတ်သက်ပြီး ယခင် သမိုင်းကြောင်းအရ အိန္ဒိယဘက်က ပိုင်တယ်ဆိုတဲ့သဘောမျိုး ပြောကြားခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် မီဇိုရမ်ပြည်နယ်ကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားများ ကိစ္စနဲ့ပတ်သက်ပြီး ဒီလ ၁၀ ရက်နေ့မှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပေါ့၊ လားလ်ဒူအောမာ က မီဇိုရမ်ပြည်နယ် လွှတ်တော်မှာ ပြောကြားခဲ့တာကို တွေ့ရပါတယ်” ဟု ပြောကြားသည်။

၂၀၂၄ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်း  နယ်စပ်ဒေသဖြစ်သည့် အိုက်ဇော သို့ နိုင်ငံခြားသား နှစ်ထောင်နီးပါး လာရောက်လည်ပတ်ပြီး ပြည်နယ်အတွင်း၌ သွားလာခြင်း

မတွေ့ရဘဲ အဓိက ရည်ရွယ်ချက်သည် မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ပြီး မြန်မာ့ပြည်တွင်းရေးများကို ဝင်ရောက်စွက်ဖက်ရန်ဖြစ်သည်ဆိုသော လွှတ်တော်တွင် တရားဝင်တင်ပြခဲ့သည့် သတင်းကိုလည်း The Times of India သတင်းဌာနကနေပြီး ပြောကြားထားသည်ကို တွေ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို ကျွန်တော်ပြောကြားလိုတာကတော့ မြန်မာနဲ့ အိန္ဒိယနိုင်ငံဆိုတာ မိတ်ဆွေကောင်းနိုင်ငံတွေ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ Act East Policy နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ ယခင်ကလည်း ပြောကြားခဲ့ပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံ အစိုးရအနေနဲ့ အိန္ဒိယနယ်မြေကို အသုံးပြုပြီး မြန်မာကို ဆန့်ကျင်နေတဲ့ အုပ်စုများကို မလိုလားသလို မြန်မာနယ်မြေကို အသုံးပြုပြီး အိန္ဒိယ အစိုးရကို ဆန့်ကျင်နေတဲ့ အုပ်စုများကိုလည်း မြန်မာနိုင်ငံအနေနဲ့ လက်ခံမထားပါဘူး။ ဒီဟာတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ အောင်မြင်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုကိုလည်း လက်တွေ့ပြသပြီး ဖြစ်တယ်ဆိုတာ အိန္ဒိယနိုင်ငံ အစိုးရအနေနဲ့ ဒါ သိပြီးဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေနှင့် အိန္ဒိယနှင့် ယခင်ကတည်းက သဘောတူထားသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်အတိုင်းသာ နေထိုင်လျက်ရှိပြီး မိတ်ဆွေကောင်းပီသစွာ နေထိုင်လျက်ရှိကြောင်း၊ မြန်မာ- အိန္ဒိယ နယ်စပ်နှင့်ပတ်သက်ပြီး ပြောရမည်ဆိုပါက မြန်မာ- အိန္ဒိယ နယ်စပ်သည် ၁၀၁၀ မိုင်ကျော်(၁၆၂၆ ကီလိုမီတာ) ရှည်လျားကြောင်းနှင့် တိုင်းတာပြီး ၉၀၇ မိုင်ကျော်(၁၄၆၀ ကီလိုမီတာကျော်) ရှိပြီး အများစုသည် တိုင်းတာပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent