နောက်ထပ်ဂျိမ်းစ်ဘွန်းဖြစ်လာမည့်သူက ဗြိတိန်မင်းသားဖြစ်သင့်ဟု တစ်ချိန်က ဂျိမ်းစ်ဘွန်းဖြစ်ခဲ့သည့် အိုင်ယာလန်မင်းသား ပီးယားစ် ဘရော့စ်နန် အကြံပြု

နောက်ထပ်ဂျိမ်းစ်ဘွန်းဖြစ်လာမည့်သူက ဗြိတိန်မင်းသားဖြစ်သင့်ဟု တစ်ချိန်က ဂျိမ်းစ်ဘွန်းဖြစ်ခဲ့သည့် အိုင်ယာလန်မင်းသား ပီးယားစ် ဘရော့စ်နန် အကြံပြု
Published 10 March 2025

နောက်ထပ်ဂျိမ်းစ်ဘွန်းနေရာတွင် မြင်ရမည့်သူက ဗြိတိန်မင်းသားဖြစ်သင့်သည်ဟု တစ်ခေတ်တစ်ခါက ဂျိမ်းစ်ဘွန်းမင်းသား ပီးယားစ်ဘရော့စ်နန်က Sunday Telegraph နှင့် အင်တာဗျူးတွင် အကြံပြု ပြောဆိုခဲ့သည်။

ပရိုဂျူဆာအပိုင်းတွင် အပြောင်းအလဲ မရှိသော်လည်း ဇာတ်ကားဖန်တီးရေးအပိုင်းကို Amazon MGM Studios ကုမ္ပဏီက လက်လွှဲယူလိုက်ပြီး ဘွန်းနေရာမှနောက်ဆုံး မြင်ခဲ့ရသည့် မင်းသားဒန်နီယယ်ခရက်ဂ် နေရာတွင် မည်သူရောက်လာမည်ကို Amazon ကပင် ဆုံးဖြတ်သွားမည်။

ခရက်ဂ်၏ နေရာကိုဝင်ရန် အလားအလာရှိသူများက ဂျိမ်းစ်နော်တင် ၊ အာရွန်တေလာ-ဂျွန်ဆင်နှင့် သီယိုဂျိမ်းစ် တို့ဖြစ်ပြီး အားလုံးက ဗြိတိန်မင်းသားများဖြစ်သည်။ ဂျိမ်းစ်ဘွန်းနေရာကို သရုပ်ဆောင်ခဲ့သည့်  ဗြိတိန်မင်းသား မဟုတ်သူ နှစ်ဦးရှိသည်။ တစ်ဦးက သြစတြေးလျမင်းသား ဂျော့ဂျ်လာဇန်ဘီဖြစ်ပြီး နောက်တစ်ဦးက အိုင်ယာလန်သား ပီးယားစ်ဘရော့စ်နန် ဖြစ်သည်။

သို့သော် မည်သည့်အမေရိကန် မင်းသားမှ 007 အဖြစ် သရုပ်မဆောင်ခဲ့ဖူးဘဲ  ယခုအဆိုပြုခံထားရသည့် နာမည်များထဲ ကယ်လီဖိုးနီးယားပြည်နယ်သား အော်စတင် ဘတ်တလာလည်း ပါဝင်လာသည်။အမေရိ ကန်ဝါရင့်မင်းသားကြီး ကလင့်အိစ်ဝုဒ်က ဘွန်းနေရာအတွက် ၁၉၆၇ ခုနှစ်က ကမ်းလှမ်းခံခဲ့ရသော်လည်း ငြင်းဆန်ခဲ့သည်။

ဗြိတိန်မင်းသားမဟုတ်သည့်အထဲ အိုင်ယာလန်မင်းသား ပေါလ်မက်စကယ်၊ ခီလီယံမာဖီနှင့် သြစတြေးလျမင်းသား ဂျက်ကက် အီလော်ဒီတို့လည်း 007 နေရာအတွက် အကြံပြုခံထားရသည်။

စာရေးဆရာအီအန် ဖလမ်မင်၏ ဝတ္ထုများအရ ဘွန်းသည် စကော့တလန်သားဖခင် နှင့် ဆွစ်ဇာလန်သူမိခင်တို့မှ ဆင်းသက်လာသူ ဖြစ်သည်။

ဘရော့စ်နန်သည် ၁၉၉၅ ခုနှစ်က ထွက်ခဲ့သည့် GoldenEye နှင့် ၂၀၀၂ ခုနှစ်က ထွက်သည့် Die Another Day အပါအဝင် ဘွန်း ရုပ်ရှင်ကားလေးကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးထွက်ထားသည့် ဇာတ်ကားက ခရက်ဂ်၏ ၂၀၂၁ ရုပ်ရှင် No Time To Die ဖြစ်ပြီး နောက်ကားသစ် ရိုက်မည့်အချိန်နှင့် ဘွန်းမင်းသားသစ် ကြေညာမည့်အချိန်ကို လတ်တလော မသိရသေးပေ။

Most Read

Most Recent