မော်တော်ယာဉ် လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် လုပ်ငန်းလိုင်စင် ပြောင်းလဲခြင်းများအတွက်  ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်မည်

မော်တော်ယာဉ် လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် လုပ်ငန်းလိုင်စင် ပြောင်းလဲခြင်းများအတွက်  ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်မည်
Published 7 February 2025

မော်တော်ယာဉ်လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းနှင့် လုပ်ငန်းလိုင်စင်ပြောင်းလဲခြင်းများအတွက် ဖေဖော်ဝါရီ ၁၀ ရက်မှစပြီး အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက ထုတ်ပြန်သည်။

အဆိုပါ လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းနှင့် လုပ်ငန်းလိုင်စင်ပြောင်းလဲခြင်းများအတွက် အွန်လိုင်းကွန်ပြူတာစနစ်ဖြင့် အသုံးပြုခြင်းကို ဖေဖော်ဝါရီ ၁၀ ရက်မှ မတ် ၃၁ ရက်အထိ စမ်းသပ်ကာလအဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဧပြီ ၁ ရက်မှ စတင်ကာအပြည့်အဝ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကနဦးအနေဖြင့် ရန်ကုန်နှင့်မန္တလေးမြို့များတွင် စတင်ကျင့်သုံး ဆောင်ရွက်မည်ဖြစ်ကြောင်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အွန်လိုင်းစနစ်နှင့် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ် သြဂုတ်လက ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနနှင့် Secure Link ကုမ္ပဏီတို့အကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် ကွန်ပျူတာစနစ်တည်ဆောက်ရေးကာလခြောက်လ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရုံးအားလုံးတွင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးတဲ့လုပ်ငန်းများကို ဝက်ဘ်ဆိုက်၊ ဝက်ဘ်ပေါ်တယ်များနှင့် မိုဘိုင်းလ်များမှ တစ်ဆင့် လျှောက်ထားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဦးစီးဌာနမှ သိရသည်။

ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနအနေဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်(က လိုင်စင်)၊ ခရီးစဉ် ခရီးသည်သယ် ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင် (ခလိုင်စင်)၊ စင်းလုံးငှားခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လိုင်စင်(ဂ လိုင်စင်)၊ ပဋိညာဉ်အရ သယ်ယူပို့ဆောင်ရေးလိုင်စင် (ဃ လိုင်စင်) နှင့် ကိုယ်ပိုင်စီးပွားရေးအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်(င လိုင်စင်)အမျိုး အစားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent