ရေးမြို့နယ်တွင် ဆိုင်ကယ်စီးနင်းလာသူများထံမှ လူနှစ်ဦးက ဓားပြခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖေဖော်ဝါရီ ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂ ရက် ညနေ ၄ နာရီခန့်တွင် ရေးမြို့နယ် သင်္ဃန်းကျွန်းကျေးရွာနေ အသက် ၂၁ နှစ်အရွယ် မောင်အောင်ကျော်နိုင်နှင့် အသက် ၉ နှစ်အရွယ် တူဖြစ်သူ ကလေးငယ်တစ်ဦးတို့ သင်္ဃန်းကျွန်းကျေးရွာမှ အာယုတောင်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့်သွားနေစဉ် ဆက်တွဲကျေးရွာရှိ သချႋုင်း ကုန်းအရောက်တွင် အမည်မသိ လူငယ်နှစ်ဦးမှ ခြံသွားသည့် လမ်းမှထွက်လာပြီး ဓားပြခြိမ်းခြောက်ကာ ဆိုင်ကယ်အား အတင်းဝင်လှဲ လုယက်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “လုယက်ခံလိုက်ရတဲ့ ဆိုင်ကယ်က Wave I 125 အမျိုးအစားဆိုက်ကယ်ပါ။ ဆိုင်ကယ်ကို လုယက်သွားတဲ့ လူနှစ်ယောက်က အသက် ၂၀ နှစ်ဝန်းကျင်နဲ့ အသက် ၃၀ နှစ်ဝန်းကျင်အရွယ် ယောက်ျားလေးတွေလို့ ပြောပါတယ်။ ကလေးတွေရဲ ့အသက်အန္တရာယ်တော့ မဖြစ်ခဲ့တာပဲ ကျေးဇူးတင်ရမလို ဖြစ်နေတယ်” ဟု ပြောကြားသည်။
နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်းနှင့်အတူ ဥပဒေစိုးမိုးမှုမရှိသည့် ရေးဒေသအတွင်း လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံပြည်သူများအနေဖြင့်လည်း အစစအရာရာ သတိပြုနေထိုင်သွားနေထိုင်ရလျက်ရှိကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် ရေးမြို့နယ်အတွင်း ရေးမြို့ပေါ်အပါအဝင် ရေးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း လုယက်မှုများမကြာခဏဖြစ်ပွားလေ့ရှိကြောင်းနှင့် ကျူးလွန်သူများအနေဖြင့် အမျိုးသမီးများနှင့် လူငယ်များအား အဓိကပစ်မှတ်ထားကာ ကျူးလွန်ကြလေ့ရှိကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။















