အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေဖြင့် အဓိကဂိတ်တံခါးကို ပြန်လည်ဖွင့်လှစ်ချိန်တွင် ကင်ဆာဝေဒနာရှင် ကလေး ၃၀ ခန့်အပါအဝင် ပါလက်စတိုင်းလူနာ ၅၀ ခန့်သည် ဖေဖော်ဝါရီ ၁ ရက်၌ ရာဖာနယ်စပ်ဂိတ်မှတစ်ဆင့် အီဂျစ်နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်ဟု ဂါဇာရှိ ဟားမာ့စ်၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
autoimmune ရောဂါခံစားနေရသော ကလေးတစ်ဦး အပါအဝင် လူနာ ၅၀ နှင့် ၎င်းတို့၏အဖော် ၅၃ ဦးတို့သည် ဆေးဝါးကုသမှုခံယူရန် နယ်စပ်ကိုဖြတ်ကျော်ပြီး အီဂျစ်နိုင်ငံတွင်းသို့ ရောက်ရှိလာခဲ့သည့် ရုပ်သံဗီဒီယိုဖိုင်ကို အီဂျစ်နိုင်ငံပိုင်ရုပ်သံချန်နယ် Al-Qahera တွင် ထုတ်လွှင့်ပြသခဲ့သည်။
"ကျန်းမာရေးအထောက်အထားတွေကြောင့် အီဂျစ်က လူနာ ၅၀ ကို လက်ခံလိုက်ပါတယ်။ ဒီအရေအတွက်က ပိုပြီး တိုးလာစေဖို့ မျှော်လင့်ပါတယ်"ဟု ဂါဇာဆေးရုံ၏ ညွှန်ကြားရေးမှူး မူဟာမတ်ဇက်အောက်က ပြောကြားခဲ့သည်။
"ကျွန်တော်တို့ဆီမှာ ပို့ဆောင်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ လူနာ ၆၀၀၀ ရှိပါတယ်။ လူနာ ၁၂၀၀၀ ကျော်ကတော့ အရေးတကြီး ဆေးကုသမှုခံယူဖို့ လိုအပ်နေသူတွေဖြစ်ပါတယ်"ဟု ဆိုသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် ရာဖာနယ်စပ်ဂိတ်မှတစ်ဆင့် အီဂျစ်နိုင်ငံတွင်းသို့ ဖြတ်သန်းဝင်ရောက်ခဲ့သည့် အဖွဲ့တွင် ကင်ဆာဝေဒနာရှင်ကလေး ၃၀ ၊ ဒဏ်ရာရ အမျိုးသား ၁၉ ဦး၊ ဒဏ်ရာရအမျိုးသမီး တစ်ဦးနှင့် ၎င်းတို့၏ အဖော်များပါဝင်ကြောင်း ဇက်အောက်က ပြောကြားခဲ့သည်။
အစ္စရေးက ၎င်း၏ ပါလက်စတိုင်းဘက်ခြမ်းကို သိမ်းပိုက်ခဲ့သည့် မေလကတည်းက ရာဖာနယ်စပ်ဂိတ်ကို ပိတ်ထားခဲ့သည်။
ယင်းနယ်စပ်ဂိတ်သည် ပါလက်စတိုင်းနယ်မြေအတွင်းသို့ အဓိက ဝင်ပေါက်များမှ တစ်ခုဖြစ်ပြီး အကူအညီများပို့ဆောင်ရန်အတွက် အရေးပါသည့် နေရာတစ်ခုဖြစ်သည်။
ပါလက်စတိုင်းနှင့် အစ္စရေး၏ တောင်းဆိုမှုကြောင့် စောင့်ကြည့်ရေးတာဝန်တစ်ခုအတွက် အဖွဲ့ဝင် ၂၇ ဦးပါဝင်သည့်အဖွဲ့တစ်ဖွဲ့ကို ရာဖာနယ်စပ်သို့ စေလွှတ်ထားကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာဂျာကယ်လက်စ်က ဇန်နဝါရီ ၃၁ ရက်တွင်ပြောကြားခဲ့သည်။
"ဒီအဖွဲ့အနေနဲ့ ပါလက်စတိုင်းနယ်စပ်တာဝန်ရှိသူတွေကို ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်တဲ့အပြင် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုအကူအညီလိုအပ်နေသူတွေအပါအဝင် ဂါဇာထဲက ထွက်လိုသူတိုင်းကို ပို့ဆောင်ပေးဖို့ ခွင့်ပြုချက်ရထားပါတယ်"ဟု ကယ်လက်စ်က လူမှုမီဒီယာ X တွင်ရေးသားခဲ့သည်။
ဇန်နဝါရီ ၂၉ ရက်တွင် စတင်အကျုံးဝင်သက်ရောက်သော ဂါဇာအပစ်အခတ်ရပ်စဲရေးအောက်တွင် စတုတ္ထမြောက် ဓားစာခံ-အကျဉ်းသားလဲလှယ်ရေးအစီအစဉ်အရ နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
အစ္စရေးအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော ပါလက်စတိုင်းအကျဉ်းသား ၁၈၀ ကျော်ကို ပြန်လွှတ်ပေးရန် အလဲအလှယ်အဖြစ် ဟားမာ့စ်တို့က ဖေဖော်ဝါရီ ၁ ရက်တွင် ဂါဇာမှ အစ္စရေးဓားစာခံ သုံးဦးကို ပြန်လွှတ်ပေးခဲ့သည်။
Ref : AFP
Photo : AFP















