လော့စ်အိန်ဂျလိစ်တောမီးနှစ်ခုကို အပြည့်အ၀ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများကြေညာ

လော့စ်အိန်ဂျလိစ်တောမီးနှစ်ခုကို အပြည့်အ၀ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများကြေညာ
Photo-AFP
Photo-AFP
Published 1 February 2025

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် လောင်ကျွမ်းနေသည့် တောမီးနှစ်ခုကို ဇန်နဝါရီ ၃၁ ရက်က အပြည့်အ၀ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။

ထိုတောမီးများသည် သီတင်းသုံးပတ်ကျော်ကြာလောင်ကျွမ်းခဲ့ပြီး လူပေါင်း ၃၀ ခန့်သေဆုံးခဲ့ကာ သောင်းနှင့်ချီသည့်အိမ်များ မီးလောင်ပျက်စီးခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း လော့စ်အိန်ဂျလိစ် ကောင်တီတွင် လောင်ကျွမ်းနေသည့် ပါလီဆေ့ တောမီးနှင့် အီတန် တောမီးများသည် အမေရိကန်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် လော့အိန်ဂျလိစ်မြို့သမိုင်းတွင် အဆိုးရွားဆုံးတောမီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ဧက ၃၇၀၀၀ ကျော် နေအိမ် ၁၀၀၀၀ ကျော် ပျက်စီးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာဘီလျံရာနှင့်ချီရှိခဲ့သည်။

ဇန်နဝါရီ ၃၁ ရက်က ကယ်လီဖိုးနီးယားပြည်နယ် မီးသတ်အေဂျင်စီ၏ ဝက်ဘ်ဆိုင်တွင် တင်ထားသည့် အချက်အလက်များအရ တောမီးနှစ်ခုစလုံးကို ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ကြောင်းဖော်ပြခဲ့ပြီး အဓိပ္ပာယ်မှာ တောမီးများ၏ ပတ်လည်အနားများကို အပြည့်အ၀ထိန်းချုပ်နိုင်ခဲ့သည့် သဘောဖြစ်သည်။

တောမီးနှစ်ခုသည် ရက်အနည်းငယ်ကြာ ကြီးမားသည့် အန္တရာယ်မရှိတော့သဖြင့် ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ရန် အမိန့်များကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

ထိုတောမီးနှစ်ခုသည် ဇန်နဝါရီ ၇ ရက်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

သို့သော် လူသားများကြောင့်ဖြစ်ပွားသည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် မိုးရွာသွန်းမှုကို လျော့ကျစေခြင်း၊ စိုက်ခင်းများ ခြောက်သွေ့ခြင်း၊ မိုးခေါင်ခြင်းနှင့် လေပြင်းများတိုက်ခိုက်ခြင်း အစရှိသည့် အန္တရာယ်ရှိသည့် မိုးလေဝသအခြေအနေများကို ဖြစ်ပွားစေခဲ့သည်ဟု ကျွမ်းကျင်သူများက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။

ဒါဇင်နှင့်ချီသည့် သုတေသနပညာရှင်များက ပြုလုပ်ခဲ့သည့် လေ့လာချက်တွင် ရုပ်ကြွင်းလောင်စာများမီးရှို့မှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုသည် လော့အိန်ဂျလိစ်တောမီးလောင်ကျွမ်းမှုကို ပိုမိုဆိုးရွားစေသည့် အကြောင်းရင်းများထဲတွင် ၃၅ ရာခိုင်နှုန်းအထိ သက်ဆိုင်မှုရှိနိုင်ကြောင်း ကောက်ချက်ချခဲ့သည်။

ထိုတောမီးနှစ်ခုသည် လော့စ်အိန်ဂျလိစ်မြို့၏ ပစိဖိတ် ပါလီဆေ့ ရပ်ကွက်၊ မာလီဘူးကမ်းခြေ၊ အယ်တာဒီနာရပ်ကွက်တို့တွင် သီတင်းသုံးပတ်ကျော်ကြာလောင်ကျွမ်းခဲ့ပြီး ထောင်နှင့်ချီသည့် အဆောက်အအုံများ ပျက်စီးခဲ့ပြီး ထိုနေရာများတွင်နေထိုင်သည့် လူပေါင်းထောင်ချီ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရသည်။

"ကျွန်တော်တို့ရဲ့ ပြန်လည်ထူထောင်ရေးအားထုတ်ကြိုးပမ်းမှုတွေဟာ ဒေသခံတွေ ဘေးကင်းလုံခြုံစွာနဲ့ သူတို့အိမ်တွေကို အမြန်ဆုံးပြန်ဆောက်ဖို့ အချက်အလက်တွေအပေါ် အခြေခံထားပါတယ်။ ဒေသခံတွေ သူတို့ရဲ့ ပိုင်ဆိုင်မှုတေါကို ပြန်လည်စစ်ဆေးနေချိန်မှာ ကျွန်တော်တို့ဟာ ပါလီဆေ့ရပ်ကွက်ကို လေးကင်းလုံခြုံစေဖို့ လုပ်ဆောင်နေပါတယ်" ဟု လော့စ်အိန်ဂျလိစ် မြို့တော်ဝန် ကာရန်ဘေ့စ်က ဇန်နဝါရီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ထိုရပ်ကွက်တွင် တရားဥပဒေစိုးမိုးရေးအရာရှိများကို တောမီးမလောင်ကျွမ်းခင်အချိန်ကထက် ၁၀ ဆကျော် ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ ဂျင် မက်ဒွန်နယ်က ပြောကြားခဲ့သည်။

ပုဂ္ဂလိက မိုးလေဝသကုမ္ပဏီဖြစ်သည့် AccuWeather ကုမ္ပဏီကမူ တောမီးလောင်ကျွမ်းမှုများကြောင့် စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုတန်ဖိုးသည် ဒေါ်လာ ၂၅၀ ဘီလျံမှ ဒေါ်လာ ၂၇၅ ဘီလျံကြားရှိနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ခဲ့သည်။

Ref:AFP

 

Most Read

Most Recent