ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ရှေးအကျဆုံးဇိမ်ခံဟိုတယ်တစ်ခုတွင် ဇန်နဝါရီ ၂၉ ရက်နှောင်းပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံသတင်းတွင်ဖော်ပြထားသည်။ နာမည်ကျော် ကြယ်ငါးပွင့်ဟိုတယ်ဖြစ်သည့် Four Seasons Hotel Des Bergues ၏ ခေါင်မိုးတွင် မီးခိုးများထွက်နေပုံကို လူများမြင်တွေ့ခဲ့ကြရသည်။
ယင်းဟိုတယ်ကို ၁၈၃၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ သမိုင်းဝင်အထင်ကရ နေရာတစ်ခုလည်းဖြစ်သည်။ မီး သတ်သမားများသည် မီးတောက်များကိုငြိမ်းသတ်ရန် ကရိန်းများကို အသုံးပြုခဲ့ကြပြီးလမ်းများတွင် အရေးပေါ်ယာဉ်များ ပြည့်နေသည်။ မီးဘေးသတိပေးချက်ကို ဇန်နဝါရီ ၂၉ရက် ဒေသစံတော်ချိန် ည ၉ နာရီခွဲတွင် ထုတ်ပြန်ခဲ့ကာ ဇိမ်ခံဟိုတယ်ရှိ တည်းခိုသူများကိုဘေး လွတ်ရာရွှေ့ပြောင်းပေးခဲ့သည်ဟု RTA သတင်းတွင် ဖော်ပြထားသည်။
မီးသည်အမိုး အောက်ထပ်ခိုးတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ဟိုတယ်စားသောက်ဆိုင်များမှတစ် ခုဖြစ်သည့် ခြောက်လွှာရှိစာကြည့်တိုက်အထိ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း ဂျီနီဗာမီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့ကဆိုသည်။
မီးလောင်ရသည့်အကြောင်းအရင်းကို မသိရသေးသော်လည်း မီးကိုအမြန်ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုသည်။သို့သော်မီးသတ်သမားများသည် နောက်ထပ်မီးမလောင်စေရန် မီးစမီးပွားများမရှိစေရေး ဆက်လက်လုပ်ဆောင်နေသည်ဟုဆိုသည်။
Ref: AFP















