လျှပ်စစ်မီးပြတ်ခြင်း၏ နောက်ဆက်တွဲ လူမှုအခက်အခဲများ

လျှပ်စစ်မီးပြတ်ခြင်း၏ နောက်ဆက်တွဲ လူမှုအခက်အခဲများ
ရန်ကုန်မြို့လယ်တွင် လျှပ်စစ်မီးပြတ်တောက်နေသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့လယ်တွင် လျှပ်စစ်မီးပြတ်တောက်နေသည်ကို တွေ့ရစဉ်
Published 19 January 2025

လူဦးရေ ခုနစ်သန်းကျော် နေထိုင်သော ရန်ကုန်မြို့တွင် လျှပ်စစ်မီး ဆက်တိုက်လာခြင်းကို လေးနာရီထက်ပိုပြီး မျှော်၍မရတော့ပေ။ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ လျှပ်စစ်မီတာခများ နှစ်ဆကျော်တိုးကောက် ခဲ့သော်လည်း လျှပ်စစ်မီး ပုံမှန်ပေးနိုင်ခြင်းမရှိဘဲ မီးပိုပြတ်လာခြင်းဖြစ်သည်။

ရန်ကုန်မြို့အနေဖြင့် တစ်နိုင်ငံလုံး ထုတ်လုပ်နိုင်သည့် လျှပ်စစ်ဓာတ်အား စုစု ပေါင်း၏ ထက်ဝက်ခန့်ကို ခွဲတမ်းရရှိနေသည့် ကြားက ယခုကဲ့သို့ လျှပ်စစ်မီး ပိုမိုဆိုးရွားစွာ ပြတ်နေခြင်းလည်း ဖြစ်သည်။

ရန်ကုန်မြို့တွင် ယခင်က အုပ်စုနှစ်စု ခွဲကာ လေးနာရီအလှည့်ကျ မီးပေးနိုင်ခဲ့ သော်လည်း လက်ရှိတွင်မူ အုပ်စုသုံးအုပ်စု ခွဲကာ လေးနာရီလာ ရှစ်နာရီပျက်ဖြင့် မီးပေး နေခြင်းဖြစ်သည်။

ဘာကြောင့်ပြတ်နေလဲ  

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စက်ရုံ ၃၀ ရုံ၏ တပ်ဆင်စက်အင်အား ၃၂၃၂ မဂ္ဂါ ဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၆ ရုံ၏ တပ်ဆင်စက်အင်အား ၃၂၆၈ မဂ္ဂါဝပ်၊ ကျောက် မီးသွေးသုံးစက်ရုံ နှစ်ရုံ၏ တပ်ဆင်စက်အင် အား ၁၃၈ မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်း အင်စက်ရုံ ရှစ်ရုံ၏ တပ်ဆင်စက်အင်အား ၂၄၀ မဂ္ဂါဝပ်တို့ရှိပြီး စုစုပေါင်းဓာတ်အား စနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်သည့် စက်များ၏ တပ်ဆင်စက်အင်အားမှာ ၆၈၇၈ မဂ္ဂါဝပ်အထိရှိကာ စက်စွမ်းအားပြည့်မောင်း နှင်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ် ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် ဓာတ်အားပေးစက်ရုံများက ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်လျက် ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အား လိုင်းကြီး ၁၄ လိုင်း ဖျက်ဆီးခံထားရခြင်း ကြောင့် ဓာတ်အား ၁၀၀၉ မဂ္ဂါဝပ် အသားတင် လျော့နည်း ထုတ်လုပ်လျက်ရှိကြောင်း လျှပ် စစ်စွမ်းအားဝန်ကြီးဌာနက ဆိုသည်။

ထို့အတူ လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ် ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ် မှုအချိုးမှာ ၅၀ ရာခိုင်နှုန်းခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိမှုမှာ လျော့နည်းလျက် ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ် လုပ်ပေးနိုင်မှုမှာ ယခုကာလအတွင်း ၂၉၁ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိသည်။

ထို့ပြင် ရာဂီမုန်တိုင်း၏သက်ရောက်မှု ကြောင့် ရေကြီးရေလျှံမှုများဖြစ်သဖြင့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံ ကို ဓာတ်အားပိတ်ထိန်းသိမ်း ပြုပြင်ခြင်းများ ဆောင်ရွက်နေရသဖြင့် ၁၄၀ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပြီး စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်မှု  ၁၄၄၀ မဂ္ဂါဝပ်ခန့် မှာ အသားတင်လျော့နည်း ထုတ်လုပ်နေရ ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆို သည်။

ထိုသို့ထုတ်လုပ်မှုလျော့နည်းရရှိနေသဖြင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ ၂၂၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင် မှု၏ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ဖြန့် ဖြူးပေးနိုင်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။

  လျှပ်စစ်မီး ဘယ်လိုပေးနေသလဲ

လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအရ ယခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်း ဒေသကြီးသို့ ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်း ဒေသကြီးသို့ ၁၇ ရာခိုင်နှုန်း၊ ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ ၃၅ ရာခိုင်နှုန်း အချိုး ချ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဓာတ် အားခွဲဝေပေးနေသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အုပ်စုသုံးစု ခွဲ၍ တစ်အုပ်စုလျှင် လေးနာရီပေး ရှစ်နာရီ ပိတ်၊ လေးနာရီပေး လေးနာရီပိတ်၊ လေးနာရီ ပေး ရှစ်နာရီပိတ်၊ လေးနာရီပေး ရှစ်နာရီပိတ်၊ လေးနာရီပေး လေးနာရီပိတ်၊ လေးနာရီပေး ရှစ်နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့်လည်း ကောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် အုပ်စု လေးစုခွဲ၍ သုံးနာရီပေး၊ ကိုးနာရီပိတ် အလှည့် ကျနှင့် အုပ်စုလေးစုခွဲ၍ လေးနာရီပေး၊ ၁၂ နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့်လည်း ကောင်း၊ နေပြည်တော်တွင် အများပြည်သူ အား တစ်ရက်ပျမ်းမျှ ၁၆ နာရီပေး ရှစ်နာရီ ပိတ်၊ ဝန်ထမ်းအိမ်ရာများအား ၁၈ နာရီပေး ခြောက်နာရီပိတ် အစီအစဉ်ဖြင့်လည်းကောင်း၊ ကျန်တိုင်းဒေသကြီး/ပြည်နယ်များအတွင်း အုပ်စုများခွဲ၍ တစ်အုပ်စုလျှင် ခြောက်နာရီ အလှည့်ကျ အစီအစဉ်ဖြင့်လည်းကောင်း ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း လျှပ် စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

ထို့ပြင်လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင် စုစုပေါင်း ၁၆၂ ကြိမ် ဖျက်ဆီး ခံခဲ့ရသည့် ၂၃၀ ကေဗွီဓာတ်အားလိုင်း ၇၇ တိုင်၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း ၃၈ တိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၅၆ တိုင်၊ စုစုပေါင်း ဓာတ်အားပို့လွှတ်လျက်ရှိသည့် တိုင်ပေါင်း ၁၇၁ တိုင်၊ ဓာတ်အားလိုင်းကြိုးနေရာ ၁၃၁ နေရာ၌ အကြိမ်ကြိမ်ဖျက်ဆီးခံခဲ့ရ ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆို သည်။

          ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖျက် ဆီးခံရသည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံ များကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်းနှင့် လက်ရှိ လျှပ်စစ်ဓာတ် အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန် အတွက်  LNG ဓာတ်အားပေးစက်ရုံ စီမံကိန်း များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရေရှည်တိုး တက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံ၏အရင်းအ မြစ်များ ဖြစ်သော ရေ၊ နေ၊ လေတို့မှ ထုတ်လုပ် နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိ ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဘာကြောင့် မပေးနိုင်ရတာလဲ

          ၂၀၀၅ ခုနှစ်ကစပြီး အကောင်အထည် ဖော်ခဲ့သည့် လျှပ်စစ်ဓာတ်အားပေးစီမံကိန်း များ အမျိုးမျိုးနှောင့်ယှက်ခံခဲ့ရခြင်းကြောင့် စီမံကိန်းများရပ်နားခဲ့ရပြီး ယခုအချိန်မှာ လျှပ် စစ်မီး အခက်အခဲကြုံနေရခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

          ယခုနှစ် ဇန်နဝါရီ ၁၁ ရက်က ပြင်ဦးလွင် မြို့$ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

          ထို့ပြင်ပြည်သူများက လျှပ်စစ်မီးသုံးစွဲမှု မြင့်တက်လာခြင်း၊ လျှပ်စစ်ဓာတ်အားထုတ် လုပ်မှု ကျဆင်းပြီး ဓာတ်အားလိုင်းများ ဖျက် ဆီးခံရခြင်း စသည့်အကြောင်းအချက်များ ကြောင့်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

          ထို့ကြောင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြင့် ဆောင်ရွက်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ကို ပြီးခဲ့သည့် နှစ် စက်တင်ဘာ ၁၈ ရက်၌ ဖွဲ့စည်းခဲ့သည်။

          ထိုကော်မရှင်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ရုံး၊ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဥက္ကဋ္ဌ၊ လျှပ် စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၁၇ ခုက ဝန်ကြီးများဖြင့် ပါဝင်ဖွဲ့စည်းခဲ့သည်။

          သို့သော် လျှပ်စစ်မီးပြတ်တောက်မှုက ပိုမို ဆိုးရွားနေဆဲပင်ဖြစ်သည်။

          လျှပ်စစ်မီးသုံးစွဲသည့် ပြည်သူများ၏ တစ်နေ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် ၄၄၀၀ မဂ္ဂါဝပ်ဖြစ်သည့်အတွက် နိုင်ငံ၏ ဓာတ် အားလိုအပ်ချက်သည် နှစ်စဉ် ကိုးရာခိုင်နှုန်း တိုးလာပြီး ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ် အားလိုင်းများမှာလည်း မတည်ငြိမ်သည့် ဒေသ များတွင် ဖျက်ဆီးခံနေရကြောင်း လျှပ်စစ်စွမ်း အားဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်ထားသည်။

          မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ကို အဓိ က ထုတ်လုပ်ခြင်းဖြစ်ပြီး ဒုတိယအနေဖြင့် သဘာဝဓာတ်ငွေ့၊ နေရောင်ခြည်သုံးစွမ်းအင် နှင့် ကျောက်မီးသွေးတို့မှလည်း လျှပ်စစ်ဓာတ် အားများ ထုတ်ယူလျက်ရှိသည်။

          သို့သော် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု အပိုင်းတွင် လျော့ကျမှုများ ရှိလာသည်။

          မုတ္တမကမ်းလွန်က ရဲတံခွန်၊ ရတနာနှင့် ဇောတိကစီမံကိန်းတို့၌ မြေအောက်ခိုအောင်း သဘာဝဓာတ်ငွေ့ပမာဏ ကုန်ခန်းလုနီးဖြစ်နေ ပြီး ပြီးခဲ့သည့်နှစ် ဧပြီလကတည်းက ထုတ်လုပ်မှု နှင့် ပြည်ပတင်ပို့ရောင်း ချမှု နှစ်ခုလုံးကျဆင်းလာ ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

          ထို့ပြင် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့နေသည့် ရခိုင်ကမ်းလွန်ရှိ ရွှေဓာတ်ငွေ့စီမံ ကိန်းမှာလည်း ၂၀၂၆ ခုနှစ်ကစပြီး ထုတ်လုပ်မှု ကျဆင်းလာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထား သည်။

          နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၂၀ ကျော် ရင်းနှီးမြှုပ်နှံ ခဲ့သည့် ပြင်သစ်ရေနံကုမ္ပဏီ Total  နှင့် ရခိုင် ကမ်းလွန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ရေး လုပ်ကိုင်နေသည့် သြစတြေးလျ ကုမ္ပဏီ woodside အပါအဝင် နိုင်ငံတကာ ကုမ္ပဏီကြီးများ ထွက်ခွာသွားခဲ့သည်။

          ထို့ပြင် လျှပ်စစ်မီးပြတ်တောက်ရခြင်း က လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံရေးမတည်ငြိမ်မှု နှင့် စီးပွားရေးကျဆင်းလာမှုတို့ကြောင့်ဖြစ် ကြောင်း ကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။

          အဓိကအနေဖြင့် ခေတ်နောက်ကျနေပြီး အိုဟောင်းနေပြီဖြစ်သည့် ဓာတ်အားစက်ရုံများ၊ သဘာဝဓာတ်ငွေ့ ပြတ်တောက်မှု၊ ထိခိုက်ပျက် စီးနေသည့် မဟာဓာတ်အားလိုင်း၊ အပိုပစ္စည်း ပြတ်တောက်မှု၊ လူသားအရင်းအမြစ်လျော့ကျ လာမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွား မှု၊ မလျော်ကန်သည့် မူဝါဒများနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

         နောက်ဆက်တွဲ လူမှုအခက်အခဲတွေ

          ယခုနှစ် ဇန်နဝါရီ  ၅ ရက်က စပြီး လျှပ်စစ် မီးရရှိမှုက လေးနာရီလာ ရှစ်နာရီပြတ် စနစ်ဖြင့် အလှည့်ကျရရှိနေကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများက ဆိုသည်။

          ယခုကဲ့သို့ နာရီပိုင်းခန့်သာ လျှပ်စစ်မီး ဆက်တိုက်ပေးနိုင်တော့သည့်အတွက် ရန်ကုန် ဒေသခံများအနေဖြင့် နောက်ဆက်တွဲ လူမှုအ ခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

          ရန်ကုန်မြို့ခံများအနေဖြင့် ညအချိန်  မတော် မီးလာချိန်ထ၍ ထမင်းဟင်း ချက်ပြုတ် ရ ခြင်း၊ ရေတင်ရခြင်းတို့ကို နေ့စဉ်နီးပါး ပြုလုပ် နေကြရသည်။

“အန်တီတို့က အထပ်မြင့်နေမှာနေတော့ နေ့လယ် မီးလာချိန်ဆို ရေက ၀ိုင်းတင်ကြတော့ မလာတာ များတယ်။ ဒါနဲ့ ည ၁ နာရီကနေ မနက် ၅ နာရီ မီးလာတဲ့အချိန် ရေထတင်ရ တယ်။ ထမင်းဟင်းထချက်ရတယ်” ဟု ဒဂုံမြို့ နယ်၌ နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြော သည်။

“အိမ်မှာ မီးက မနေ့ကဆို မနက် ၆ နာရီ ကနေ နေ့လယ် ၁ နာရီအထိ ပျက်တယ်။ ၁ နာရီ ကနေ ညနေ ၅ နာရီအထိ မီးလာပေမဲ့ ကျွန်မတို့ က အဲဒီအချိန်ဆို ရုံးမှာပဲ ရှိသေးတယ်။ ညနေ ၅ နာရီဆို မီးက ပြန်ပြတ်သွားပြီ။ ည ၁ နာရီမှ မီးပြန်လာတယ်။ အဲဒီတော့ ကျွန်မ ရုံးမသွားခင် ပြတ်တဲ့မီးက ရုံးဆင်းလို့ အိမ်ရောက်တော့လည်း ပြတ်နေတာပဲ။ ည ၁ နာရီမှ မီးလာတော့ ရေဆို လည်း အပြေးအလွှားတင်ရတယ်။ မီးလုံးတွေ ဖုန်းတွေ အားသွင်းရတယ်။ မီးပူတိုက်စရာရှိတာ  တိုက်ရတယ်။ နေ့နေ့ညည မီးလာတာနဲ့ အိမ် အလုပ်မှန်သမျှ အပြေးအလွှားလိုက်လုပ်ရတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ ကုမ္ပဏီ ဝန်ထမ်း အိမ်ရှင်မတစ်ဦးက ပြောသည်။

 ယခုလို လျှပ်စစ်မီးနာရီပိုင်းသာ လာသည့် အတွက် ရုံးသမားနှင့် ကျောင်းသားရှိသည့် မိသားစုများအနေဖြင့်  ထမင်းဟင်း မမီသဖြင့် အပြင်$ ဝယ်စားရသောကြောင့် အကုန်အကျ ပိုများကြောင်း ရန်ကုန်ဒေသခံများက ဆိုသည်။

“ရုံးသမားရှိတဲ့အိမ်တွေ၊ ကျောင်းသားရှိ တဲ့အိမ်တွေအတွက် ထမင်းချိုင့်ထည့်ပေးနိုင် ဖို့က တော်တော်လေး ခက်ခဲရတယ်။ အစစအ ရာရာ စျေးကြီးနေတဲ့အချိန်မှာ သူတို့တွေအ တွက် ထမင်းချိုင့်မမီတဲ့အခါ ပိုက်ဆံ အပိုထပ် ကုန်ရတယ်။ တခြားအိမ်အလုပ်တွေဆိုလည်း မီးလာချိန် ခဏအတွင်းပြီးအောင် အလျင်မီ အောင် လုပ်ဖို့က တကယ့်ကို ကသီပြီး အဆင်မ ပြေဖြစ်ရတယ်။ ဖယောင်းတိုင်ဖိုး၊ အားသွင်းမီး လုံးဖိုးတွေကလည်း ကုန်စျေးနှုန်းကြီးတဲ့ကြားက မိသားစုအသုံးစရိတ်ကို အတော်ပဲ့ထွက်စေ တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်၌ နေထိုင်သူ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

Most Read

Most Recent