ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် နိုဝင်ဘာ ၇ ရက်တွင် ၎င်း၏ အစိုးရအဖွဲ့အတွက် ပထမဆုံးလူကို ခန့်အပ်လိုက်ပြီး ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဆွေးနွေးခြင်းဖြင့် ထွက်ခွာတော့မည့် အစိုးရ အဖွဲ့၏မူဝါဒများကို စွန်လွှတ်မည့် ၎င်း၏ရည်ရွယ်ချက်များကို အရိပ်အမြွက်ပြသခဲ့သည်။
ထရန့်၏စည်းရုံးရေးအဖွဲ့ မန်နေဂျာ ဆူဇီဝိုင်းသည် အိမ်ဖြူတော်အကြီးအကဲအဖြစ် ခန့်အပ်ခံရသည်။ ထို့ကြောင့် ဆူဇီဝိုင်းသည် အထင်ကရ တာဝန်အတွက် ပထမဆုံး ခန့်အပ်ခံရသော အမျိုးသမီးဖြစ်လာခဲ့ပြီး လာတော့မည့် အစိုးရအဖွဲ့အတွက် ဒေါ်နယ်ထရန့်၏ ပထမဆုံး ခန့်အပ်မှုဖြစ်လာခဲ့သည်။
ဒီမိုကရက် ကာမလာဟဲရစ်ကို ထရန့်၏ ပြတ်ပြတ်သားသားအနိုင်ရမှုက အမေရိကန် ပြည်ထောင်စုကို လည်းကောင်း၊ ကမ္ဘာ့နိုင်ငံရေးကိုလည်းကောင်း အလှုပ်အယမ်းများ ဖြစ်စေခဲ့သည်။ ရွေးကောက်ပွဲအပြီး နှစ်ရက် အကြာ၊ အိမ်ဖြူတော်သို့ ၎င်းပြန်ရောက်မလာမီ နှစ်လခွဲအလိုတွင် အဆိုပါ အလှုပ်အယမ်း များဖြစ်လာခြင်း ဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ထရန့်ကို သတ္တိရှိသည်ဟု ချီးကျူးခဲ့သည်။ ဇူလိုင်စည်းရုံးရေးပွဲ၌ လုပ်ကြံခံရရန် ကြိုးပမ်းမှုကို လွန်မြောက်ခဲ့ပြီးနောက် ထရန့်ကိုင်တွယ်ခဲ့သော နည်းလမ်းများအတွက် ထရန့်ကို သတ္တိ ရှိသည်ဟု ပူတင်က ချီးကျူးပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ထရန့်နှင့်ဆွေးနွေးမှုများ လုပ်ရန် အသင့့်ဖြစ်နေသည်ု ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဘီလျံနာထရန့်က ၎င်းသည် ပူတင်နှင့်စကားမပြောရသေးဟု NBC News ကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့ စကားပြောရလိမ့်မယ်လို့ ထင်ပါတယ်”ဟု ထရန့်က ပြောကြားခဲ့သည်။ ထရန့်သည် အာဏာရှင်ခေါင်းဆောင် ပူတင်ကို ချီးကျူးပြောကြားခဲ့သူ ဖြစ်သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်ပြီးကတည်းက ဘိုင်ဒင်နှင့်ပူတင်တို့ အေးစက်စက် တိတ်ဆိတ်နေခြင်းကို ကြီးမားသော အပြောင်းအလဲဖြစ်လာစေမည်ဖြစ်ပြီး ယူကရိန်းအား အမေရိကန်၏ ထောက်ပ့ံမှုများအတွက် ထရန့်၏ဝေဖန်မှုတို့ကိုလည်း ပေါ်လွင် ထင်ရှားလာစေသည်။
ရုရှား-ယူကရိန်းစစ်ပွဲတွင် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိအောင် တွန်းတွန်း တိုက်တိုက် လုပ်ဆောင်သွားမည်ဟု ရွေးကောက်ခံသမ္မတ ထရန့်က ယခင်ကပြောကြားခဲ့သည်။ နိုဝင်ဘာ ၆ ရက်တွင် ထရန့်ကို စကားပြောခဲ့သော ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးကမူ အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုများသည် အန္တရာယ်များသည်ဟု ပြောကြားခဲ့သည်။
အမေရိကန်နှင့်တရုတ်အကြား ခင်မင်ရင်းနှီးစွာ ဆက်ဆံရန် နည်းလမ်းရှာရမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဒေါ်နယ်ထရန့်ကို နိုဝင်ဘာ ၆ ရက်က ပြောကြားခဲ့သည်။ ပြိုင်ဘက်ဖြစ်ခဲ့သောကာ မလာဟဲရစ်က စည်းရုံးရေးပွဲများတွင် ထရန့်သည် အာဏာရှင်များ နှင့် ရင်းနှီးလွန်းအားကြီးသည်ဟု ဝေဖန်ခဲ့ဖူးသည်။ ထရန့်၏ရွေးကောက်ပွဲ အောင်ပွဲအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သော ကမ္ဘာ့ခေါင်းဆောင်များထဲတွင် အမေရိကန်က အာဏာရှင်ခေါင်းဆောင်များဟု ပြောနေသော တရုတ်သမ္မတ ရှီကျင်းပင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ပါဝင်လာခဲ့သည်။
Ref:AFP