မော်လမြိုင် - မုဒုံကားလမ်းဘေးရှိ “မင်းသန့်”စက်သုံးဆီအရောင်းဆိုင်မီးလောင်မှု လူ ၂၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

မော်လမြိုင် - မုဒုံကားလမ်းဘေးရှိ “မင်းသန့်”စက်သုံးဆီအရောင်းဆိုင်မီးလောင်မှု လူ ၂၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
Photo Credit - ရာမည အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့
Photo Credit - ရာမည အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့
Published 8 November 2024

နိုဝင်ဘာလ ၇ ရက် ညနေပိုင်းအချိန်က မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ မော်လမြိုင် - မုဒုံကားလမ်းဘေးရှိ “မင်းသန့် စက်သုံးဆီအရောင်းဆိုင်မီးလောင်မှုအတွင်း မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၂၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါ “မင်းသန့် စက်သုံးဆီအရောင်းဆိုင်အနောက်ဘက်ရှိ ဆီသိုလှောင်ကန်အတွင်းသို့ ဆီဘောက်ဆာယာဉ်မှ ဆီချနေစဉ် မီးလောင်မှုစတင်ဖြစ်ပွားခဲ့သည်ဟု သိရကြောင်း နှင့် မီးငြိမ်းသွားပြီးချိန်တွင် ဆီ Tank တစ်ခုမှ စက်သုံးဆီများယိုစိမ့်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ယူဆရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မီးသတ်တပ်ဖွဲ့ဝင်က (၈) ဦး၊ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဖြစ်တဲ့ ဘိုဘိုဝင်း Rescue က (၃) ဦး၊ ရွှေနတ်တောင် Rescue အဖွဲ့က (၅) ဦး၊ မေဓါရာမ Rescue အဖွဲ့က (၁) ဦး၊ အေးမြကြည်လင် Rescue အဖွဲ့က (၁) ဦး၊ ဖေးမကူညီရေးအဖွဲ့က (၂) ဦးစုစုပေါင်း အသင်းဝင် (၁၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီအထဲကမှ ဘိုဘိုဝင်း Rescue အဖွဲ့က (၂) ဦးနဲ့၊ ရွှေနတ်တောင် Rescue အဖွဲ့က (၁) ဦး ခွဲစိတ်ကုန်သမှုခံယူနေရပါတယ်။ အဲ့ဒီအပြင်ကို မင်းသန့်ဆီဆိုင်က ဝန်ထမ်း (၂) ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်ဟု ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများတွင် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမျိုးမရှိကြသော်လည်း ခန္ဓာကိုယ်အနှံ့ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြကြောင်းလည်း ၎င်းကဆိုသည်။

အဆိုပါ မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ မော်လမြိုင် - မုဒုံကားလမ်းဘေးရှိ မင်းသန့် စက်သုံးဆီအရောင်းဆိုင်တွင်  နိုဝင်ဘာလ ၇ ရက် ညနေ ၅ နာရီခန့်မှ စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ ထိုမီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များ နှင့် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၈)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၄)စီးဖြင့်  ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ ည (၁၀) နာရီဝန်းကျင်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထိုသို့ မီးငြိမ်းပြီးသွားသည့်အချိန်မှ ဆီ Tank တစ်ခုပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းဝင်များ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြခြင်းဖြစ်ကြောင်း နှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသူများအား မော်လမြိုင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို "မင်းသန့်" စက်သုံးဆီအရောင်းဆိုင်မီးလောင်မှုအား မော်လမြိုင်မြို့နယ်အတွင်းရှိ မီးသတ်စခန်းများ နှင့် အရေးပေါလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များအပြင် မုဒုံ၊ ချောင်းဆုံ၊ ကျိုက်မရော အစရှိသော မြို့နယ်များမှ မီးသတ်တပ်ဖွဲ့များ၊ အရေးပေါလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များလည်း ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ပေးခဲ့ကြကြောင်း သိရသည်။

နောက်ဆက်တွဲ သတင်းများအရ "မင်းသန့်" စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုတွင် ယင်းဆီဆိုင်မှ ဆီဘောက်ဆာယာဉ်မောင်း အမျိုးသားတစ်ဦးမှာ ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက်  ၅ နာရီအချိန်ခန့်တွင် သေဆုံးသွားကြောင်း မော်လမြိုင်မြို့ပြည်သူ့ဆေးရုံ မှ စုံစမ်းသိရှိရသည်။

ဘိုဘိုမြင့်

 

Most Read

Most Recent