မန်ယူအသင်းမှ ထုတ်ပယ်ခံခဲ့ရသည့် နည်းပြဟောင်း အဲရစ်တန်ဟက်ဂ်က ပရိသတ်များကို ကျေးဇူးတင်ကြောင်းနှင့် မိမိအိပ်မက် အဆုံးသတ်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒတ်ချ်နည်းပြဖြစ်သူ တန်ဟက်ဂ် (၅၄ နှစ်) သည် မန်ယူအသင်းအား နှစ်ရာသီခွဲကြာ ကိုင်တွယ်ခွင့်ရခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်က ဝက်စ်ဟမ်းအသင်းအား ရှုံးနိမ့်ပြီးနောက် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
တန်ဟက်ဂ်က ပရိသတ်များအား ကျေးဇူးတင်စကားပြော ကြားမှုကို ၎င်း၏ကိုယ်စားလှယ်အဖွဲ့ဖြစ်သည့် SEG Football မှတစ်ဆင့် နိုဝင်ဘာ ၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
"အသင်းအတွက် အမြဲတမ်းရှိနေပေးလို့ ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ အဝေးကွင်းပွဲ ဒါမှမဟုတ် အိုးလ်ထရက်ဖို့ဒ်မှာကစားရတဲ့ ခက်ခဲတဲ့ပွဲ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ရဲ့အားပေးမှုက မတုန်မလှုပ်ပါပဲ။ အိုးလ်ထရက်ဖို့ဒ်ရဲ့ အငွေ့အသက်က အမြဲတမ်းတောက်ပနေခဲ့လို့ ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ ကောင်းတဲ့အချိန်၊ ဆိုးတဲ့အချိန် ဘယ်လိုဖြစ်ဖြစ် မယိမ်းမယိုင်ထောက်ပံ့ပေးခဲ့တဲ့ ဌာနအသီးသီးက ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဖလားနှစ်လုံးရယူနိုင်ခဲ့တယ်။ ဒါက ကျွန်တော့်ဘဝတစ်လျှောက်လုံး မြတ်နိုးရမယ့် အောင်မြင်မှုတွေပါ။ ကျွန်တော့်အိပ်မက်က အခန်းထဲကို ဆုဖလားတွေ ပိုပြီးယူလာပေးနိုင်ဖို့ပါ။ ကံမကောင်းစွာပဲ အဲဒီအိပ်မက်က အဆုံးသတ်သွားပါပြီ။ ခင်ဗျားတို့ရဲ့ အားပေးမှု၊ အသင်းမှာရှိသူအားလုံးရဲ့ နွေးထွေးမှုက ကျွန်တော့်ရဲ့အိမ်လိုပဲ ခံစားခဲ့ရပါတယ်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်" ဟု တန်ဟက်ဂ်က ပြောကြားခဲ့သည်။