ရေဦးမြို့နယ် အုန္နဲပေါင်းကျေးရွာတွင် ကျောင်းထိုင်ဆရာတော်တစ်ပါး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခံရ

ရေဦးမြို့နယ် အုန္နဲပေါင်းကျေးရွာတွင် ကျောင်းထိုင်ဆရာတော်တစ်ပါး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခံရ
Published 3 November 2024

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အုန္နဲပေါင်းကျေးရွာတွင် ကျောင်းထိုင်ဆရာတော်တစ်ပါး အောက်တိုဘာ  ၃၁ ရက် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခံရပြီး ပျံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ ရေဦးနယ်မြောက်ဘက်ခြမ်းရှိ အုန္နဲပေါင်းကျေးရွာမှ ကျောင်းထိုင်ဆရာတော်ဖြစ်သည့် သက်တော် ၄၄ နှစ်၊ ဝါတော် ၂၇ ဝါရှိသည့် ဆရာတော်အရှင်က္ကုန္ဒကသီရိ ဖြစ်ကြောင်း  သိရသည်။

ယင်းသို့ဆရာတော်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူများမှာ PDF များဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားမှုများအရ သိရသည်။

ထို့အတူ ဆရာတော်အား သေနတ်ဖြင့်ပစ်ခတ်ခံရမှုမှာ ဘုန်းကြီးကျောင်းအတွင်း အောက်တိုဘာ ၃၀ ရက်က PDF အဖွဲ့ဝင်များနှင့်ကျောင်းတိုက်ရှိ ကိုရင်ကြီးတစ်ပါးတို့ အတူတကွ အရက်သေစာသောက်စားသည်ကို ဆရာတော်က တားမြစ်သည့်အပေါ်  မကျေမနပ်ဖြစ်ရာမှ ယခုကဲ့သို့ ဆရာတော်အား သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း  သတင်းဌာနအချို့နှင့် စုံစမ်းသိရသည့် အချက်များအရ သိရှိရသည်။

ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ရေဦးအခြေစိုက် 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞  အဖွဲ့က ထုတ်ပြန်ရာတွင်မူ ဆရာတော်အရှင်က္ကုန္ဒကသီရိအား အောက်တိုဘာ ၃၁ ရက် ညပိုင်းတွင် အမည်မသိ လက်နက်ကိုင်လေးဦးက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျောင်းအောက်ထပ်ရှိ ကိုရင်များနှင့် ကျောင်းစောင့်ပြည်သူများကို ဝမ်းလျားမှောက်ခိုင်း ခေါင်းထောင်မကြည့်ရန် ပြောဆိုခြိမ်းခြောက်ပြီး ကျောင်းအပေါ်ထပ်တွင် သီတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော် အရှင်က္ကုန္ဒကသီရိအား သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုသို့ပစ်ခတ်သွားသူများကို လိုက်လံဖမ်းဆီးလျက်ရှိကြောင်း ဖော်ပြထားသည်။

ယခုသတ်ဖြတ်ခံရသည့် ဆရာတော်အပါအဝင် ၂၀၂၁ ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်ပိုင်း ပစ်ခတ်မှုဖြစ်စဉ်များနှင့် ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်မှုများကြောင့် သံဃာတော်အပါး  ၁ဝဝ ဝန်းကျင်ခန့် ပျံလွန်တော်မူခဲ့ရပြီး သင်းအုပ်ဆရာတစ်ဦး လည်း သေဆုံးခဲ့သည်။

ပဋိပက္ခဖြစ်စဉ်နှင့် သတ်ဖြတ်မှုများအတွင်း သံဃာ ၁ဝဝ ဝန်းကျင်နှင့် သင်းအုပ်ဆရာတစ်ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သော်လည်း အချက်အလက်များအရမူ အခြားသော ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်စဉ်များ မရှိသည်ကိုတွေ့ရသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့်ပျံလွန်တော်မူခဲ့သည့် ရဟန်းသံဃာဦးရေသည် ရာခိုင်နှုန်းအားဖြင့် အနည်းငယ်မျှသာရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်မှာမူ အမျိုးမျိုးသောစွပ်စွဲချက်များဖြင့် PDF များ၏ သတ်ဖြတ်မှုများကြောင့် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရဟန်းသံဃာတော်များအား လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်များထဲတွင် သက်တော်အကြီးဆုံးအဖြစ် သက်တော် ၉၃ နှစ်အရွယ်ဆရာတော်ကဲ့သို့ သက်ကြီးဝါကြီး သံဃာတော်များပါဝင်ခြင်း၊ သံဃာအချို့မှာ ဦးခေါင်းဖြတ်၍ လုပ်ကြံသတ်ဖြတ်ခံရခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ ဆွမ်းစားနေစဉ် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရခြင်း အစရှိသော ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပါဝင်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပဋိပက္ခများအတွင်း နှစ်ဖက်စာရင်းများအရ ပျံလွန်တော်မူခဲ့သည့် သာသနာ့ တာဝန်ထမ်းဆောင်နေသော သံဃာတော် ၁ဝဝ ခန့်အပါအဝင် အရပ်သားသေဆုံးမှုသည် တစ်သောင်းကျော်ထိ ရှိပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent