ဇန်နဝါရီ ၂၄ ရက်ကျင်းပမည့် ONE 170 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ သန့်ဇင်နှင့် ထိုင်းဖိုက်တာ ဆူရီရန်လက် ယှဉ်ပြိုင်ထိုးသတ်မည်

ဇန်နဝါရီ ၂၄ ရက်ကျင်းပမည့် ONE 170 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ သန့်ဇင်နှင့် ထိုင်းဖိုက်တာ ဆူရီရန်လက် ယှဉ်ပြိုင်ထိုးသတ်မည်
Photo: ONE
Photo: ONE
Published 2 November 2024

 

ဇန်နဝါရီ ၂၄ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ကျင်းပမည့် ONE 170 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ သန့်ဇင်၏တွဲဆိုင်း ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။ မြန်မာဖိုက်တာ သန့်ဇင်သည် ONE 170 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီရန်လက်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း ONE Championship က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

သန့်ဇင်သည် ယခုနှစ်မှ ONE Championship နှင့် လက်တွဲခဲ့သော်လည်း အလဲထိုးနိုင်ပွဲများဖြင့် နာမည်ရလာသူဖြစ်ပြီး စတုတ္ထမြောက်ပွဲ ထိုးသတ်ခွင့်ရမည်ဖြစ်သည်။ သန့်ဇင်သည် ONE နှင့် လက်တွဲပြီးနောက် သုံးပွဲထိုးသတ်ရာတွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့် ထားပြီး နောက်ဆုံးထိုးသတ်သည့်ပွဲတွင် ၎င်းထက် အတွေ့အကြုံနှင့် သမ္ဘာသာသည့် ဂျပန်ဖိုက်တာ တာကဲရူကို ဒုတိယအချီတွင် အလဲထိုးဖြင့် အရေးနိမ့်ခဲ့သည်။

သန့်ဇင်သည် ပထမနှစ်ပွဲတွင် အလဲထိုးဖြင့် အနိုင်ရထားသော်လည်း တာကဲရူနှင့်ပွဲကို ပုံမှန်အတိုင်း မွေထိုင်းစည်းမျဉ်းဖြင့် ထိုးသတ်ရခြင်းမဟုတ်ဘဲ ကစ်ဘောက်ဆင်စည်းမျဉ်းဖြင့် ထိုးသတ်ခဲ့ရခြင်းဖြစ်သည်။ သန့်ဇင်နှင့် ထိုးသတ်မည့် ဆူရီရန်လက်သည် ONE တွင် စုစုပေါင်းကိုးပွဲထိုးသတ်ရာ ခြောက်ပွဲနိုင်၊ သုံးပွဲရှုံးနိမ့်ထားသည်။

ဇန်နဝါရီ ၂၄ ရက်ကျင်းပမည့် ONE 170 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ သန့်ဇင်၏တွဲဆိုင်းအပြင် နာမည်ကြီးဖိုက်တာ စိုးလင်းဦး၏တွဲဆိုင်းလည်း ပါဝင်မည်ဖြစ်သည်။ ONE Championship သည် စိုးလင်းဦး၏တွဲဆိုင်းကို ပြီးခဲ့သည့်တစ်ပတ်ကတည်းက ထုတ်ပြန်ထားပြီး ယခုတစ်ပတ်တွင် သန့်ဇင်၏တွဲဆိုင်းကို ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။ 

ONE Championship အဖွဲ့အစည်းသည် ONE 170 ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် တွဲဆိုင်းများအနက် တွဲဆိုင်းအချို့သာ ထုတ်ပြန်ထားပြီး မွေထိုင်းဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ထိုင်းဖိုက်တာနှစ်ဦးဖြစ်သည့် တာဝမ်ချိုင်းနှင့် စူပါဘွန်း၊ မွေထိုင်း ဘင်တန်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ထိုင်းဖိုက်တာ စူပါက်နှင့် စကော့တလန်ဖိုက်တာ နီကိုတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ ONE 170 ပြိုင်ပွဲတွင် စိုးလင်းဦးနှင့် သန့်ဇင်အပြင် အခြားမြန်မာဖိုက်တာအချို့၏ တွဲဆိုင်းများလည်း ပါဝင်လာဖွယ်ရှိနေသည်။

Most Read

Most Recent