ယူကရိန်းစစ်ပွဲတွင် မြောက်ကိုရီးယား စစ်သားများ ဝင်ရောက်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဟု အမေရိကန်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားတွင် စစ်သင်တန်းများ လေ့ကျင့်ခဲ့သည့် မြောက်ကိုရီးယား ၈၀၀၀ ခန့်သည် ယူ ကရိန်နှင့် ရုရှားနယ်စပ်အနီးသို့ ရောက်ရှိခဲ့ပြီး တိုက်ပွဲဝင်ရန် အသင့်ရှိနေကြောင်း အမေရိကန်က ဆိုသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုတွင် အသာစီးရစေရန်အတွက် မြောက်ကိုရီးယားထံမှ စစ်သားများနှင့် စစ်လက်နက်ပစ္စည်းများ၏ အကူအညီကို ရယူခဲ့ကြောင်း အနောက်နိုင်ငံ များက ပြောကြားခဲ့သည်။ထိုသို့လုပ်ဆောင်မှုသည် ရုရှားအတွက် ရာစုနှစ်တစ်စုကျော်အတွင်း ရုရှားမြေပေါ်တွင် ပြည်ပတပ်ဖွဲ့များကို ပထမဆုံးအကြိမ် ဖိတ်ခေါ်မှုဖြစ်ခဲ့သည်။
မြောက်ကိုရီးယားစစ်သား ၈၀၀၀ မှ ၁၀၀၀၀ အကြား ရုရှားတွင်ရှိနေပြီး ထိုစစ်သားများသည် ရုရှား၏နယ်စပ် ကာ့စ်ဒေသသို့ သွားရောက်ခဲ့ပြီးဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အမေရိကန်ထောက်လှမ်းရေး သတင်းများကို ကိုးကားပြောဆိုခဲ့သည်။
“ဒီစစ်သားတွေကို ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ စစ်မြေပြင်ကို ဖြန့်ကြက်ချထားတာကို ကျွန်တော်တို့ မတွေ့ရသေးပါ ဘူး။ ဒါပေမယ့် ရက်ပိုင်းအတွင်းမှာပဲ အဲဒီလို ဖြန့်ကြက်ချထားလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ် ”ဟု ဘလင်ကင်က အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးများနှင့် လေးပွင့်ဆိုင်ပြုလုပ်သည့် အစည်းအဝေးအပြီး သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။
ရုရှားသည် မြောက်ကိုရီးယား စစ်သားများကို လက်နက်ကြီးများနှင့် ဒရုန်းများကိုင်တွယ် အသုံးပြုတတ်စေရန်နှင့် ကတုတ်ကျင်းများကို ရှင်းလင်းရန် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ရှေ့တန်းစစ်ဆင်ရေးများအတွက် မြောက်ကိုရီးယား စစ်သားများကို အသုံးချမည့် အရိပ် လက္ခဏာများကို တွေ့ရကြောင်း ဘလင်ကင်က ပြောကြားခဲ့သည်။
အော်စတင်ကလည်း ရုရှားစစ်ယူနီဖောင်းများ ဝတ်ဆင်ထားသည့် မြောက်ကိုရီးယား စစ်သားများ ဖြန့်ကြက်ချထားမှုသည် စစ်ပွဲအတွင်း ရုရှားဘက်မှ ဆုံးရှုံးမှုများ မည်မျှများပြားသည်ကို ပြသရာရောက်ကြောင်း ပြောကြားခဲ့သည်။“ဒီစစ်သား ၁၀၀၀ လောက်ဟာ ရုရှားဘက်က ဆုံးရှုံးခဲ့တဲ့ စစ်သားအရေအတွက်ကို မကာမိနိုင်ပါဘူး”ဟု အော်စတင်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၃၀ ရက်ကလည်း အော်စတင်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ယွန်ဟွမ်တို့ကလည်း ရုရှားနိုင်ငံရှိ မြောက်ကိုရီးယားစစ်သားများကို ပြန်လည်ရုပ်သိမ်းရန် တိုက်တွန်းခဲ့သည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ကမူ ရုရှားတွင်မြောက်ကိုရီးယား စစ်သားများ ဖြန့်ကြက်ချထားမှုသည် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် လုံခြုံရေးခြိမ်းခြောက်မှုများကို မြင့်တက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။
ရုရှားစစ်ယူနီဖောင်းများ ဝတ်ဆင်ထားသည့် မြောက်ကိုရီးယား စစ်သားများသည် ရုရှား၏ လူမျိုးစုဝင် လူနည်းစုတပ်ဖွဲ့များနှင့်အတူ ရောနှောပြီး နိုဝင်ဘာလတွင် ယူကရိန်းတပ်ဖွဲ့များကို တိုက်ခိုက်ဖွယ်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ် ဆာဂျီကစ္စလစ်ဆာက ပြောကြားခဲ့သည်။
Ref:AFP