ပေါင်မြို့နယ် အလှပ်ကျေးရွာနှင့် ဝဲပတန်ကျေးရွာများအတွင်း ဝမ်းပျက်ဝမ်းလျောရောဂါ ဆက်လက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူပေါင်း ၇၆ ဦးအထိရှိခဲ့ကာ၊ လက်ရှိ လူနာ ၂၇ ဦး ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရ

ပေါင်မြို့နယ် အလှပ်ကျေးရွာနှင့် ဝဲပတန်ကျေးရွာများအတွင်း ဝမ်းပျက်ဝမ်းလျောရောဂါ ဆက်လက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူပေါင်း ၇၆ ဦးအထိရှိခဲ့ကာ၊ လက်ရှိ လူနာ ၂၇ ဦး ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရ
Published 1 November 2024

ပေါင်မြို့နယ် အလှပ်ကျေးရွာနှင့် ဝဲပတန်ကျေးရွာများအတွင်း ဝမ်းပျက်ဝမ်းလျောရောဂါ ဆက်လက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူပေါင်း ၇၆ ဦးအထိရှိခဲ့ကာ၊ လက်ရှိလူနာ ၂၇ ဦး ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ထို အလှပ်ကျေးရွာနှင့် ဝဲပတန်ကျေးရွာများအတွင်း ဝမ်းပျက်ဝမ်းလျောရောဂါစတင်ဖြစ်ပွားခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ လူနာ ၄၂ ဦးရှိ၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် လူနာ ကိုးဦး၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် လူနာကိုးဦး၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် လူနာ ၁၂ ဦးနှင့် ယနေ့ နိုဝင်ဘာလ ရက်နေ့ နံနက်ပိုင်းအထိ လူနာလေးဦး အလှပ်တိုက်နယ်ဆေးရုံ နှင့် ပေါင်မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် တက်ရောက်ကာ ဆေးကုသမှုခံယူခဲ့နေကြရကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။

၄င်းကဆက်လက်ပြီးရောဂါသက်သာပျောက်ကင်းသွားလို့ ဆေးရုံကနေ ပြန်ဆင်းသွားတဲ့လူနာပေါင်းကတော့ ၄၉ ဦးရှိခဲ့ပါတယ်။ လက်ရှိမှာတော့ အလှပ်တိုက်နယ်ဆေးရုံနဲ့ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေရဆဲ လူနာပေါင်း ၂၇ ဦးကျန်ရှိနေပါတယ်သေးတယ်။ အဲ့ဒီအပြင်ကို ကျေးရွာတွေအတွင်းမှာ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားခဲ့သူတွေလည်းရှိခဲ့တယ်လို့ သိထားပါတယ်ဟု ပြောကြားသည်။

ပေါင်မြို့နယ် အလှပ်၊ ဝဲပတန် အစအရှိသည့် ကျေးရွာများအတွင်းဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျောရောဂါနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲခန်းတွင် ဓါတ်ခွဲစမ်းသပ်စစ်ဆေးချက်များအရ မသန့်ရှင်းသော သောက်သုံးရေနှင့် မသန့်ရှင်းသော အစားအစာများစားသောက်မိရာမှတဆင့် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားနေခြင်းဖြစ်ကြောင်းကို မှတ်ချက်ပြုထားကြောင်းလည်း ၎င်းင်းက ဆိုသည်။

ပင်လယ်ကမ်းစပ်ဒေသအတွင်းရှိ အလှပ်ကျေးရွာနှင့် ဝဲပတန်ကျေးရွာများအတွင်း ရေလုပ်သားများ၏ မိသားစုများအနေဖြင့် အများအားဖြင့် ပင်လယ်ကမ်းစပ်တွင်သာ နေထိုင်ကြကြောင်းနှင့် ထိုအခြေအနေကြောင့် ယင်လုံအိမ်သာ အသုံးပြုနိုင်ခြင်းမရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

၎င်းင်းကဆက်လက်ပြီးနောက်ပြီး ကမ်းခြေပိုင်းတွေမှာလည်း ငါးခြောက်ငါးခြမ်းလှမ်းတာမျိုးတွေရှိတော့ ယင်ကောင်တွေက အရမ်းများတယ်။ သောက်ရေဆိုရင်လည်း မိုးရေကိုဘဲ ခံပြီးသုံးကြရတာမျိုးတွေရှိတယ်။ ရေကန်တွေထဲကရေတွေကိုပဲ သောက်သုံးနေကြရတယ်။ အဲဒီအခြေအနေတွေကြောင့်လည်း ဝမ်းပျက်ဝမ်းလျောရောဂါတွေဖြစ်နေကြတာလို့ ယူဆရပါတယ်ဟု ပြောကြားသည်။

လက်ရှိတွင်လည်း ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားနေသည့် အလှပ်ကျေးရွာ၊ ဝဲပတန်ကျေးရွာ အပြင် ကျားဘိုကျေးရွာများအတွင်း ရေတွင်းရေကန်များအား ကရိုရင်းဆေးခပ်ခြင်း၊ ဆေးဖြန်းခြင်း နှင့် အသိပညာပေးလုပ်ငန်းများအား ကျန်းမာရေးဌာနနှင့်အတူ ကြက်ခြေနီ နှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းကာ နေ့စဉ်လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်အတွင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့အနီး ပင်လယ်ပြင်အတွင်း ငါးဖမ်းစက်လှေတချို့နှင့် ကျားဖောင်တချို့ရှိ လှေလုပ်သားများတွင် ဝမ်းပျက်ဝမ်းလျောရောဂါကူးစက်ဖြစ်ပွားခဲ့ရာ စက်တင်ဘာလ ၁၀ ရက်နေ့တွင် လှေလုပ်သား လေးဦးနှင့် စက်တင်ဘာ ၁၅ ရက်နေ့တွင် လှေလုပ်သားနှစ်ဦး စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့ကာ ကျိုက္မမီမြို့ဆေးရုံတွင် ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် ဆေးကုသမှုခံယူနေရသူ လှေလုပ်သားပေါင်း ၁၅ ဦးကျော်ရှိခဲ့သည့်ပြင် လှေလုပ်သား ၈၀ ကျော်ကိုလည်း စောင့်ကြည့်နေရသည့်အခြေအနေမျိုးဖြစ်ပွားခဲ့သည်။

အလားတူ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ရေးမြို့နယ် အစင်စံပြကျေးရွာ ဓမင်းဆိပ်အပိုင်းတွင် ပင်လယ်ပြင်မှပြန်ဝင်လာသည့် ငါးဖမ်းလှေတစ်စီးမှ ရေလုပ်သားတချို့ ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေရပြီး တစ်ဦးသေဆုံးခဲ့ကာ ကိုးဦးမှာ ဆေးရုံတင်ထားရကြောင်းနှင့် မုဒုံမြို့နယ်အတွင်းရှိ တချို့ကျေးရွာများတွင်လည်း ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုများရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

■Photo Credit - ဝရဇိန်(ပေါင်)

Most Read

Most Recent