လှိုင်မြို့နယ်တွင် ကျပ်သိန်းနှစ်သောင်းခွဲကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်း ၅ ပိဿာကျော်နှင့် ကျပ်သိန်း ၅ဝ အား သေနတ်ပြခြိမ်းခြောက်ရိုက်နှက်၍ လုယက်သူ သုံးဦးအား သက်သေခံပစ္စည်း၊ ငွေများနှင့်အတူ ဖမ်းဆီးရမိ

လှိုင်မြို့နယ်တွင် ကျပ်သိန်းနှစ်သောင်းခွဲကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်း ၅ ပိဿာကျော်နှင့် ကျပ်သိန်း ၅ဝ အား သေနတ်ပြခြိမ်းခြောက်ရိုက်နှက်၍ လုယက်သူ သုံးဦးအား သက်သေခံပစ္စည်း၊ ငွေများနှင့်အတူ ဖမ်းဆီးရမိ
Published 24 October 2024

လှိုင်မြို့နယ်တွင် ကျပ်သိန်းနှစ်သောင်းခွဲကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်း ၅ ပိဿာကျော်နှင့် ကျပ်သိန်း ၅ဝ အား သေနတ်ပြ ခြိမ်းခြောက်ရိုက်နှက်၍ လုယက်သူသုံးဦးအား သက်သေခံရွှေထည်ပစ္စည်း၊ ငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၁ ရက် ည ၆ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်ရှိ “မြရွှေယုံ” ရွှေဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ ၅ ပိဿာ ၂၉ ကျပ်သားခန့်နှင့် ကျပ်သိန်း ၅၀ တို့အား သံသေတ္တာ သုံးလုံးဖြင့် သိမ်းဆည်းကာ ယာဉ်မောင်းတစ်ဦးတည်း မောင်းနှင်သည့် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် သယ်ဆောင်စဉ် လှိုင်မြို့နယ်ရှိ ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ရှေ့အရောက်တွင် မော်တော်ယာဉ်တစ်စီးဖြင့် အမျိုးသားလေးဦး ရောက်ရှိလာပြီး သေနတ်တစ်ချက်ပစ်ခတ်၍ ယာဉ်မောင်းအား ဝိုင်းဝန်းရိုက်နှက်ကာ ကားနောက်ဖုံးမှန်အား တူဖြင့်ထု၍ ရွှေထည်ပစ္စည်းနှင့် ငွေများထည့်ထားသည့် သေတ္တာသုံးလုံးကို လုယူထွက်ပြေးသွားသဖြင့် ပိတောက်ချောင်းနယ်မြေရဲစခန်းတွင် အမှုရေးဖွင့်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့မှ ဖော်ထုတ်ခဲ့ရာ အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပါရမီလမ်းနှင့် သုမင်္ဂလာလမ်းဆုံတွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ မြေနီကုန်းဈေးလမ်း၊ တိုက်အမှတ်(၄၁)၊ (၄)လွှာ၊ အခန်း(4A)နေ မသက်ထားခိုင်(ခ)ရည်မွန်အေးကို မသင်္ကာစစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းတွင် လုယက်မှုမှ ပါဆုံးသွားသော ပလက်တီနမ်ရွှေဖြူဆွဲကြိုး ရှစ်ကုံးနှင့် ကျပ် ၁၀ သိန်းတို့အား တွေ့ရှိပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ထက်အောင်ခိုင်မှ ရောင်းချခိုင်းလိုက်ကြောင်း သိရသဖြင့် ထက်အောင်ခိုင်အား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထက်အောင်ခိုင်၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဒဿမ ၃၂ ဗို့ ခြောက်လုံးပြူး တစ်လက်၊ S&WL ကျည် ကိုးတောင့်၊ ၎င်းကျည်ခွံတစ်ခု၊ ငွေစက္ကူရောရာ ၁၈ သိန်းကျပ်၊ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ(စိစစ်ဆဲ)တို့အား ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးပေါ်ပေါက်ချက်အရ လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပေါက်စုကျေးရွာနေ ကျော်ကြီး(ခ) ကျော်ဇင်ဟိန်း နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ်(၈) ရပ်ကွက်နေ စောပိုင်ဇော်ဦး(ခ)ပိုင်ကြီးတို့အား အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူ သုံးဦးတို့၏ ထွက်ဆိုချက်များအရ ထက်အောင်ခိုင်၊ ကျော်ဇင်ဟိန်း (ခ)ကျော်ကြီးနှင့် ဝေကြီး (ဖမ်းဆီးရန်ကျန်)တို့ သုံးဦးသည် KNU တပ်မဟာ(၇) ဝေ့ရှမ်းကျေးရွာတွင် ဖွင့်လှစ်သော PDF သင်တန်းအပတ်စဉ်(၅/၂၀၂၄) သင်တန်းဆင်းများ ဖြစ်ကြပြီး အဆိုပါ သင်တန်းတက်ရောက်နေစဉ် ထက်အောင်ခိုင်သည် သင်တန်း၌ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ ဦးမာမူ (စိစစ်ဆဲ)ထံမှ ဒဿမ ၃၂ ဗို့ခြောက်လုံးပြူးနှင့် ကျည်များအား ကျပ် ၂၁ သိန်းဖြင့် ဝယ်ယူခဲ့ပြီး “မြရွှေယုံ”ရွှေဆိုင်သို့ သုံးလေးကြိမ်ခန့် လေ့လာကာ ဆိုင်ဖွင့်ချိန်နှင့် ဆိုင်သိမ်းချိန်များတွင် ယာဉ်မောင်းတစ်ဦးတည်း ဆိုင်မှရွှေထည်ပစ္စည်းများအား သယ်ယူပို့ဆောင်လေ့ ရှိကြောင်း သိရှိရသဖြင့် လုယက်မှုကျူးလွန်ရန် ကြိုတင်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုယက်မှုကျူးလွန်ရာတွင် ထက်အောင်ခိုင်မှ Toyota Corolla အဖြူရောင်ယာဉ်အား မောင်းနှင်၍ အခင်းဖြစ် ခြံရှေ့တွင် ရွှေထည်ပစ္စည်းများသယ်ဆောင်လာသည့် ယာဉ်အား အနောက်မှကပ်လျက် ရပ်တန့်ကာ ယာဉ်မောင်းဖြစ်သူအား သေနတ်ဖြင့် ချိန်၍ တံခါးဖွင့်ခိုင်းခြင်း၊ ဝေကြီး(ဖမ်းဆီးရန်ကျန်)မှ ကားတံခါးအား တူဖြင့်ထုခြင်း၊ တရားခံထက်အောင်ခိုင်မှ ခြံ၏ အရပ်သား လုံခြုံရေးဝန်ထမ်းဖြစ်သူအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ခြံဝင်းသံပန်းတံခါးအား ထိမှန်ခဲ့ပြီး ကျော်ဇင်ဟိန်း (ခ) ကျော်ကြီးနှင့် စောပိုင်ဇော်ဦး(ခ) ပိုင်ကြီးတို့ နှစ်ဦးမှ မော်တော်ယာဉ်၏ နောက်ဖုံးတံခါးအားဖွင့်၍ ရွှေထည်ပစ္စည်းများထည့်ထားသည့် သံသေတ္တာ သုံးလုံးအား ၎င်းတို့စီးနင်းလာသည့် ကားပေါ်သို့ တင်ဆောင်ကာ မောင်းနှင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ရွှေထည်ပစ္စည်းနှင့် ငွေများလုယက်မှုမှ ဖမ်းဆီးရမိသည့် ထက်အောင်ခိုင်၊ ကျော်ဇင်ဟိန်း(ခ)ကျော်ကြီး၊ စောပိုင်ဇော်ဦး(ခ)ပိုင်ကြီး နှင့် ထွက်ပြေးတိမ်းရှောင် ဝေကြီး (စိစစ်ဆဲ)အား ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော ဝေကြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent