■ လစ်ဗျားနှင့်ပွဲကို မယှဉ်ပြိုင်ဘဲ သပိတ်မှောက်မည်ဟု နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ် ကြေညာ

■ လစ်ဗျားနှင့်ပွဲကို မယှဉ်ပြိုင်ဘဲ သပိတ်မှောက်မည်ဟု နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ် ကြေညာ
Photo: X
Photo: X
Published 15 October 2024

နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်သည် လစ်ဗျားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲကို ယှဉ်ပြိုင်ကစားခြင်းမပြုဘဲ သပိတ်မှောက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

နိုင်ဂျီးရီးယားဘောလုံးအသင်းသည် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရန်အတွက် တနင်္ဂနွေနေ့က လစ်ဗျားနိုင်ငံသို့ ရောက်ရှိလာရာ ၎င်းတို့ကို Al-Abraq လေဆိပ်အတွင်း (၁၂)နာရီဝန်းကျင် ထားရှိခဲ့သည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ဂျီးရီးယားအသင်းသည် အဆိုပါလေဆိပ်မှ (၃)နာရီဝန်းကျင်သာကွာဝေးသည့် ဘန်ဂါဇီမြို့သို့ ခရီးဆက်ရမည်ဖြစ်သော်လည်း လစ်ဗျားတာဝန်ရှိသူများက ၎င်းတို့ကို လေဆိပ်တွင် (၁၂)နာရီဝန်းကျင် ကြာမြင့်သည်အထိ ထားရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယင်းကာလအတွင်း၌ အစားအစာနှင့် ရေများ ပေးအပ်ခြင်းမပြုသလို၊ ဖုန်းအဆက်အသွယ်များလည်း ဖြတ်တောက်ထားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ဂျီးရီးယားအသင်းခေါင်းဆောင် အက်ကွန်က မိမိတို့ကို စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သော်လည်း လစ်ဗျားတာဝန်ရှိသူများကမူ လေကြောင်းအခက်အခဲများကြောင့် ယခုကဲ့သို့ ကြန့်ကြာခဲ့ရခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

နိုင်ဂျီးရီးယားအသင်းသည် အိမ်ကွင်းတွင် လစ်ဗျားကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အင်္ဂါနေ့(ယနေ့) တွင် လစ်ဗျားကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သို့သော် နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်က ယင်းပွဲကို မယှဉ်ပြိုင်ဘဲ သပိတ်မှောက်မည်ဟု တနင်္လာနေ့တွင် ကြေညာခဲ့သည်။

နိုင်ဂျီးရီးယားကစားသမားများကလည်း ယင်းဖြစ်ရပ်ကို လူမှုကွန်ရက်များတွင် ရေးသားကာ ဝေဖန်ပြစ်တင်ခဲ့ကြသည်။

Most Read

Most Recent