မြဝတီဒေါနတောင်ကျော်လမ်းလေးသွယ်မှ သွားလာနိုင်ပြီဖြစ်သော်လည်း လမ်းဂိတ်ကြေးကုန်ကျမှုမလျော့သေး၍ ယာဉ်စီးခမြင့်နေဆဲဟုဆို

မြဝတီဒေါနတောင်ကျော်လမ်းလေးသွယ်မှ သွားလာနိုင်ပြီဖြစ်သော်လည်း လမ်းဂိတ်ကြေးကုန်ကျမှုမလျော့သေး၍ ယာဉ်စီးခမြင့်နေဆဲဟုဆို
■Photo - CJ
■Photo - CJ
Published 14 October 2024

မြဝတီနယ်စပ်မြို့မှ ပြည်တွင်းသို့ ဒေါနတောင်ကျော်လမ်းသွယ်က သွားလာနိုင်ပြီဖြစ်သော်လည်း လမ်းဂိတ်ကြေးများလျော့ကျခြင်းမရှိသည့်အတွက်ယာဉ်စီးခကိုလျော့၍မရနိင်သေးကြောင်း ယာဉ်မောင်းများထံမှသိရသည်။

ခရီးသည်ပို့ဆောင်ရေးယာဉ်ငယ်အများစုမှာ ကုန်ကျစရိတ်များသည့် ဒေါနတောင်ကျော် လမ်းဟောင်ကသာသွားလာနေကြပြီး ၊ ၁၀၁၈လမ်း၊ ထို့ကော်ကိုးလမ်းနှင့် ကြက်ဥတောင်လမ်းတို့မှာ 4wheel  ပါသော Vego ကားများသာအဆင်ပြေပြီး Probox ကားများအတွက် သွားလာရခက်ခဲကြောင်း မြဝတီ-မော်လမြိုင် ယာဉ်ငယ်မောင်းသူတစ်ဦးကပြောသည်။

"ဒေါနတောင်ကျော် လမ်းဟောင်းကသွားတဲ့ ကားငယ်တစ်စီး ၊ မြဝတီ-မော်လမြိုင် အသွားအပြန်ဆိုရင် လမ်းဂိတ်ကြေး ၁၀ သိန်းခန့်ကုန်ကျပါတယ်။ တောင်ပေါ်လမ်းဟောင်းသာမကဘူး၊ မော်လမြိုင် အဝင်နဲ့  ဇာသပြင်တံတားမှာတင် တစ်သိန်းခွဲလောက်ကုန်ပါတယ်။  ဟိုဘက်လမ်းကြမ်းတွေကသွားရင် တစ်ခေါက်ကို ၂သိန်းကျော်သက်သာပေမဲ့ ကားထိခိုက်မှုများတဲ့အတွက် အကုန်အကျများတဲ့လမ်းဟောင်းကပဲသွားလာနေရတာပါ။ ဂိတ်ကြေးတွေကုန်ကျစရိတ်သက်သာရင် ကားခတွေဈေးလျော့ပေးချင်တာပေါ့နော်"ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

Probox ယာဉ်ငယ်များသား အသွားအပြန် ဂိတ်ကြေးဆယ်သိန်းခန့်ကုန်ကျသော်လည်း ကုန်တင်ယာဉ်ကြီးများအနေဖြင့် တစ်ကြောင်းတည်းကို သိန်းငါးဆယ်အထက်ကုန်ကျကြကြောင်းလည်း ကုန်သည်များထံမှသိရသည်။

မိုးရာသီ၌ လမ်းပျက်ခြင်းကြောင့် ယာဉ်စီးခ၊ သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်တက်ခဲ့သလို ကုန်ကားများ ရက်ကြာမြင့်စွာပိတ်မိနေခြင်းကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးခဲ့ကာ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည်။

ယခုနွေဦးပေါက်ရာသီတွင် ကုန်သွယ်ယာဉ်များမှာ လမ်းလေးသွယ်မှ သွားလာနိုင်ပြီဖြစ်၍ အဓိကစားကုန်ဆန်နှင့် အခြားပြည်တွင်းထွက်ကုန်ပစ္စည်းများ ဈေးအနည်းငယ်လျော့ကျလာပြီဖြစ်ကြောင်း သိရသည်။

"ယခင်မိုးရာသီကဆိုရင် ကုန်ကား ၁၀ စီးတက်လာရင်မြဝတီကို ငါးစီးရောက်ဖို့မလွယ်ဘူး၊တစ်ပါတ် ၂ပါတ် စောင့်ဆိုင်းပြီးမှ ရောက်ကြတယ်။ ခုတော့ တစ်ညအိပ်နှစ်ရက်လောက် ဆိုရင်ရောက်ပြီ၊ကုန်အဝင်များတဲ့အတွက် ကုန်ဈေးနှုန်းလျော့ကျလာတာဖြစ်ပါတယ်"ဟု ဆန်ရောင်းဝယ်ရေးဆိုင်ရှင်တစ်ဦးက ပြောသည်။

မြဝတီမြို့ဈေးကွက်ရပ်ဝန်းတွင်း အခြေခံစားကုန် ဆန်အိတ် ၂၄ပြည်ပါ တစ်အိပ်လျှင် ကျပ် ၃၀၀၀၀ ခန့် ဈေးလျော့ကျသွားပြီဖြစ်ကြောင်း သိရသည်။

၂၀၂၃ခုနှစ်ကုန်ပိုင်းလောက်မှစတင်ကာ ကော့ကရိတ်၊သဃ်န်းညီနောင်နှင့် ပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးအတွက်သာမက မဟာမဲခေါင်ဒေသတစ်ခုလုံးအတွက်  အရေးပါသည့် မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်အာရှလမ်းသစ်မှ ယာဉ်အသွားအလာပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။

■Photo - CJ

 

Most Read

Most Recent