ဒီဘရိုင်းနားကို ခေါ်ယူရန် အယ်လ်နာဆာအသင်းအား စီရော်နယ်လ်ဒို တိုက်တွန်းထားပြီး လက်မှတ်ထိုးကြေး ပေါင်သန်း (၅၀)၊ တစ်ပတ် ပေါင် (၁)သန်းဖြင့် ကမ်းလှမ်းဖွယ်ရှိ

ဒီဘရိုင်းနားကို ခေါ်ယူရန် အယ်လ်နာဆာအသင်းအား စီရော်နယ်လ်ဒို တိုက်တွန်းထားပြီး လက်မှတ်ထိုးကြေး ပေါင်သန်း (၅၀)၊ တစ်ပတ် ပေါင် (၁)သန်းဖြင့် ကမ်းလှမ်းဖွယ်ရှိ
Photo: X
Photo: X
Published 7 October 2024

ဆော်ဒီကလပ် အယ်လ်နာဆာအသင်း၏ အသင်းခေါင်းဆောင်ဖြစ်သူ စီရော်နယ်လ်ဒိုသည် မန်စီးတီးအသင်းမှ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းနားကို ခေါ်ယူရန် အယ်လ်နာဆာအသင်းတာဝန်ရှိသူများအား တိုက်တွန်းနေကြောင်း သိရသည်။

ဒီဘရိုင်းနား (၃၃ နှစ်)သည် လာမည့်နွေရာသီတွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်အထိ သက်တမ်းတိုးနိုင်ခြင်းမရှိသေးပေ။

ဒီဘရိုင်းနားသည် အသက်အရွယ်ရလာပြီဖြစ်သလို၊ ဒဏ်ရာပြဿနာများနှင့် ပိုမိုရုန်းကန်လာရသည့်အတွက် မန်စီးတီးအသင်းက သက်တမ်းတိုးရန် လိုလိုလားလားမရှိတော့ကြောင်း ထင်ကြေးပေးမှုများလည်း ရှိနေသည်။

ဒီဘရိုင်းနားကလည်း ပြီးခဲ့သည့်နွေရာသီကတည်းက မန်စီးတီးအသင်းနှင့် လမ်းခွဲရန် စဉ်းစားနေပြီဖြစ်ကြောင်း သတင်းထွက်ခဲ့ဖူးသည်။

ယင်းအခြေအနေတွင် စီရော်နယ်လ်ဒိုက ၎င်းအားခေါ်ယူရန် အယ်လ်နာဆာအသင်းကို တိုက်တွန်းနေခြင်းဖြစ်ကြောင်း သိရသည်။

ဒီဘရိုင်းနားသည် လာမည့်နွေရာသီတွင် မန်စီးတီးအသင်းနှင့် သက်တမ်းမတိုးဘဲ လမ်းခွဲခဲ့ပါက အယ်လ်နာဆာအသင်းအနေဖြင့် ၎င်းကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည်။

ထို့ကြောင့် အယ်လ်နာဆာအသင်းက ဒီဘရိုင်းနားအား ငြင်းဆန်ရခက်စေမည့် ကမ်းလှမ်းမှုပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။

အယ်လ်နာဆာအသင်းသည် ဒီဘရိုင်းနားအတွက် လက်မှတ်ထိုးကြေး ပေါင်သန်း (၅၀)ပေးပြီး လစာအဖြစ် တစ်ပတ် ပေါင် (၁)သန်းဖြင့် ကမ်းလှမ်းသွားရန် စီစဉ်ထားကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်း၏ အပြောင်းအရွှေ့လှုပ်ရှားမှုများတွင် လွှမ်းမိုးစွက်ဖက်နိုင်စွမ်းရှိသူဟု သတင်းထွက်နေသူဖြစ်ပြီး ၎င်းအလိုရှိသည့် နည်းပြနှင့် ကစားသမားများကို အသင်းတာဝန်ရှိသူများက ခေါ်ယူပေးနေရကြောင်း ပြောကြားမှုများလည်း ရှိနေသည်။

ထို့ကြောင့် ဒီဘရိုင်းနားအား ခေါ်ယူရန် တိုက်တွန်းမှုကို အယ်လ်နာဆာအသင်းတာဝန်ရှိသူများက အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ဒီဘရိုင်းနားသည် ၂၀၁၅ နွေရာသီတွင် ဝုလ်ဖ်ဘတ်အသင်းမှ မန်စီးတီးအသင်းသို့ ပေါင်(၅၅)သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပြီး လက်ရှိရာသီမှာ ၎င်းအတွက် (၁၀)ရာသီမြောက်ဖြစ်သည်။

၎င်းသည် မန်စီးတီးအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ပရီးမီးယားလိဂ်ချန်ပီယံဆု (၆)ကြိမ်အပါအဝင် ပြည်တွင်းဆုဖလားအားလုံးကို ရယူနိုင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် အောင်မြင်မှုထက် ငွေကြေးကို ဦးစားပေးရွေးချယ်သင့်သည့် အချိန်အခါ ရောက်ရှိနေပြီဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ဒီဘရိုင်းနားသည် လက်ရှိအချိန်၌ ပရီးမီးယားလိဂ်၏ လစာအများဆုံးကစားသမားစာရင်းတွင် ပါဝင်နေပြီး တစ်ပတ် ပေါင်(၄၀၀၀၀၀)ဝန်းကျင် ရရှိနေသော်လည်း မန်စီးတီးအသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါက အသက်အရွယ်အရ လစာနှုန်းထား လျော့ကျဖွယ်ရှိနေသည်။

အယ်လ်နာဆာအသင်းတွင်မူ တစ်ပတ် ပေါင်(၁) သန်းအထိ ရရှိသွားမည်ဖြစ်သောကြောင့် ငြင်းဆန်ရခက်သော လစာနှုန်းထားဖြစ်နေကြောင်း သိရသည်။

 

Most Read

Most Recent