မြန်မာနိုင်ငံ၏ နဝမမြောက်သမ္မတဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရာထူးတာဝန်မှ နုတ်ထွက်

မြန်မာနိုင်ငံ၏ နဝမမြောက်သမ္မတဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရာထူးတာဝန်မှ နုတ်ထွက်
Published 22 March 2018

နေပြည်တော်၌ မတ် ၁ ရက်ကကျင်းပသည့် ၂၀၁၈ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား တွေ့ရစဉ် (Photo: Myanmar President Office)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့် ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်မှစ၍ နိုင်ငံတော်သမ္မတရာထူးက နုတ်ထွက်သွားကြောင်း နိုင်ငံတော်သမ္မတရုံးက မတ် ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၃ ပုဒ်မခွဲ (ခ) နှင့်အညီ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို အလုပ်လုပ်ရက် ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

“ကျန်းမာရေးကတော့ ကောင်းတယ်ဗျ။ ခွဲစိတ်ကုသတာမှန်တယ်။ ကောင်းတယ်။ အောင်မြင်တယ်။ ကျန်းမာရေးကတော့ အခုချိန်မှာကောင်းတယ်။ ကျန်တာကတော့ အဲဒီကြေညာချက်မှာ ပါတဲ့အတိုင်းပဲ” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက The Daily Eleven သတင်းစာကို ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဆေးစစ်ခံယူမှုများ ပြုလုပ်ခဲ့ရာ၌ အူလမ်းကြောင်းတွင် (Colonic Polyp) တွေ့ရှိရ၍ ထိုင်းနိုင်ငံတွင် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် လိုအပ်သည့်ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခဲ့ရာ ခွဲစိတ်ကုသမှု အောင်မြင်မှုရှိကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် သမ္မတဦးထင်ကျော်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ကျန်းမာရေးစစ်ဆေးမှုခံယူရန်အတွက် စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

သမ္မတရာထူးမှ နုတ်ထွက်သွားသည့် ဦးထင်ကျော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကိုးဦးမြောက်သမ္မတဖြစ်ပြီး ဦးထင်ကျော်ကို ၂၀၁၆ ခုနှစ် မတ် ၁၅ ရက်တွင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

ဦးထင်ကျော်သည် ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် နိုင်ငံတော်သမ္မတတာဝန်ကို ယခင်သမ္မတဦးသိန်းစိန်ထံမှ လွှဲပြောင်းရယူခဲ့ပြီး လက်ရှိတွင် သမ္မတတာဝန်ထမ်းဆောင်သည့်သက်တမ်း နှစ်နှစ်ပြည့်ရန် ကိုးရက်အလို ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်တွင် နုတ်ထွက်ခဲ့ခြင်းလည်းဖြစ်သည်။

လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို ဖြည့်စွက်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၃ အရ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က “လုပ်ငန်းစဉ်တွေကတော့ နည်းနည်းလေးတန့်သွားတဲ့သဘောပေါ့။ နောက်တက်မယ့်လူကလည်း ဘယ်သူဘယ်ဝါဆိုတာ မသိသေးဘူးလေ။ ဒီပေါ်မှာ တစ်စုံတစ်ရာတော့ သက်ရောက်မှုရှိနိုင်မယ်လို့ အပြောင်းအလဲပေါ်မှာပေါ့။ ဘယ်လိုပုံစံမျိုးဆိုတာကတော့ ကျိန်းသေပြောလို့တော့ မရသေးဘူး။ ကောင်းရင်လည်း ကောင်းနိုင်မယ်။ သို့မဟုတ် နည်းနည်းလေးတော့ တန့်သွားတဲ့သဘောလေးတွေ ကြုံကောင်းကြုံနေရတယ်။ နောက်တက်မယ့်သူက တာဝန်ယူမှု တာဝန်ခံမှုပေါ် မူတည်ပါတယ်။ ဘာမှပြောစရာမရှိဘဲနဲ့ လုပ်နိုင်တယ်ဆိုရင်တော့ ကောင်းသွားတာပေါ့။ ဖြစ်စဉ်ကိုပြောတာပေါ့။ ဒီထက်ပိုကောင်းနိုင်ရင်လည်း ကောင်းမယ်။ သို့မဟုတ် ဒီတိုင်းသွားရင်လည်း သွားမယ်ပေါ့။ ဘယ်သူမှန်းမသိတော့ ကျိန်းသေမပြောနိုင်ဘူးလေ” ဟုပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၃ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ၊ နိုင်ငံတော်သမ္မတရာထူး နေရာလစ်လပ်လျှင် ဒုတိယသမ္မတ နှစ်ဦးအနက် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲအများဆုံးရရှိသည့် ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပုဒ်မ ၇၃ ပုဒ်မခွဲ (ခ) တွင် နိုင်ငံတော်သမ္မတရာထူးနေရာ လစ်လပ်သွားသည့် အချိန်သည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေချိန်ဖြစ်လျှင် လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ယာယီသမ္မတက ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံ ဆောလျင်စွာအကြောင်းကြားရမည်ဟု ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၇၃ ပုဒ်မခွဲ (ဂ) တွင် ယာယီသမ္မတထံမှ အကြောင်းကြားစာကိုရရှိသည့်အခါ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတကို ဒုတိယသမ္မတအဖြစ် ဦးစွာရွေးချယ်တင်မြှောက်ပေးခဲ့သည့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ပေးရေးအတွက် ပြည်ထောင်စုလွှတ်တော်အကြီးအမှူးက ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပုဒ်မခွဲ (ဃ) တွင် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သည် ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ပြီးပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးပါဝင်သည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဒုတိယသမ္မတသုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ဦးထင်ကျော်အား ဒုတိယသမ္မတအဖြစ် ပြည်သူ့လွှတ်တော် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ ရွေးချင်တင်မြှောက်ခဲ့ခြင်းဖြစ်သဖြင့် လစ်လပ်သွားသည့် သမ္မတရွေးချယ်နိုင်ရန် ဒုတိယသမ္မတတစ်ဦးအား ပြည်သူ့လွှတ်တော် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ပြန်လည်ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။

“မနေ့ညကတော့ နည်းနည်းလေးကြားတယ်။ ဒါပေမဲ့ မဟုတ်ဘူးထင်ခဲ့တာပေါ့။ သို့သော် ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးပြီးသွားတော့ Confirm ဖြစ်သွားတယ်။ ဘယ်လိုပဲပြောပြော အန်ကယ်တို့အစိုးရအတွက်တော့ သမ္မတကြီးနဲ့ပတ်သက်လာရင် နှမြောစရာကောင်းတယ်။ သမ္မတကြီးက အစိုးရသစ်အတွက် ပထမဦးဆုံးသမ္မတကြီးလည်းဖြစ်တယ်။ သမ္မတကြီးရဲ့ လုပ်ဆောင်ချက် Capacity အကုန်လုံးကို ကြည့်တဲ့အခါမှာ အလွန်တည်ငြိမ်ပြီး အေးချမ်းတဲ့ သမ္မတကြီးဖြစ်တယ်။ ဒါကြောင့် အန်ကယ်တို့အတွက်တော့ ဒီသတင်းဟာ မကြားချင်ဘဲကြားရတဲ့ သတင်းမျိုးပဲ။ အဲဒီတော့ ရှေ့လျှောက် သမ္မတကြီးနေရာကို ဆက်ခံမယ့်ပုဂ္ဂိုလ်ဆိုတာ ဘယ်သူဆိုတာတော့ လောလောဆယ်တော့ မပြောနိုင်သေးဘူး။ သိလည်းမသိနိုင်သေးဘူး။ သမ္မတကြီးလို တက်တက်ကြွကြွနဲ့ မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ်နဲ့ ထမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုဖြစ်လာအောင် လွှတ်တော်နှစ်ရပ်လုံးအနေနဲ့ ကြိုးစားသွားကြမယ်ဆိုတာ ပြောနိုင်ပါတယ်” ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက ပြောကြားသည်။

သမ္မတတာဝန်မှ နုတ်ထွက်သွားသည့် ဦးထင်ကျော်ကို ၁၉၄၆ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ဦးဝန် (စာရေးဆရာမင်းသုဝဏ်)၊ ဒေါ်ကြည်ကြည်တို့မှ မွေးဖွားခဲ့ပြီး ဒုတိယမြောက်သားဖြစ်ကာ အခြေခံပညာကို လက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ Methodist High School (အထက (၁) ဒဂုံ) တွင် တက်ရောက်သင်ကြားခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့နှင့် ၁၉၆၈ ခုနှစ်တွင် မဟာဘွဲ့ရရှိခဲ့သည်။

ထိုသို့ မဟာဘွဲ့တက်ရောက်စဉ် တက္ကသိုလ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် အင်္ဂလန်နိုင်ငံရှိ University of Computer Centre သို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပြီးနောက် ၁၉၇၁-၇၂ ခုနှစ်တွင် Institute of Computer Science, University of London၊ ၁၉၇၄-၇၅ ခုနှစ်တွင် M.Sc (Computer Science) (RASU)၊ ၁၉၇၄ ခုနှစ်တွင် Asia Electronic Union (Tokyo) စသည်တို့တွင် ပညာသင်ယူခဲ့ကာ ၁၉၇၅ ခုနှစ်တွင် ဌာနခွဲမှူး အကြီးစားစက်မှုလုပ်ငန်း၊ ၁၉၈၀ မှ ၁၉၉၂ ခုနှစ်အထိ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးအဆင့်ဖြင့် နုတ်ထွက်ခဲ့သည်။

အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်ပြီးနောက် NLD ပါတီသို့ဝင်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့ကာ နောက်ပိုင်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ်သည်။

ဦးထင်ကျော်၏ဇနီးမှာ NLD ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးကြီး ဦးလွင်၏သမီး လက်ရှိသုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သည် သမ္မတကိုးဦးတွင် ပထမဆုံးသမ္မတသည် စဝ်ရွှေသိုက်ဖြစ်ပြီး ကျန်သမ္မတများမှာ ဒေါက်တာဘဦး၊ မန်းဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်၊ ဦးသိန်းစိန်၊ ဦးထင်ကျော်တို့ဖြစ်သည်။