လာအိုတွင် ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာ့နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် တက်ရောက်မည်

လာအိုတွင် ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာ့နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် တက်ရောက်မည်
Published 3 October 2024

လာအိုနိုင်ငံတွင် ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာ့နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် တက်ရောက်မည်ဖြစ်ကြောင်း ဂျပန်အခြေစိုက် Nikkei Asian တွင် သတင်းဖော်ပြထားသည်။

အောက်တိုဘာ ၉ ရက်တွင် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ပြုလုပ်မည့် အဆိုပါထိပ်သီးအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးအား စေလွှတ်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

ယခုအကြိမ်တက်ရောက်မှုမှာ လေးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများက ယခုအကြိမ်တွင် အကြီးတန်းသံတမန်တစ်ဦး စေလွှတ်ခြင်းကို သဘောတူညီဖွယ်ရှိသည်ဟု အဆိုပါသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းတွင် အာဆီယံထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံဘက်မှ ကိုယ်စားလှယ်များကို နိုင်ငံရေးမဟုတ်သော ကိုယ်စားလှယ်များ တက်ရောက်ခွင့်ပြုရန် အာဆီယံနိုင်ငံများ က ဆုံးဖြတ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီလက အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံအကြပ်အတည်းနှင့် ပတ်သက်ပြီး ဘုံသဘောတူညီမှု ငါးရပ်ကို ချမှတ်ခဲ့ရာ တိုးတက်မှု အနည်းငယ်ရှိခဲ့သည်ဟု သတင်းတွင် ဆက်လက်ရေးသားထားသည်။

ယင်းအပြင် လွန်ခဲ့သည့် နှစ်များကလည်း အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုင်ငံရေးနှင့်မသက်ဆိုင်သည့် အရပ်ဘက်ကိုယ်စားလှယ်များ စေလွှတ်ရန်ကိုမူ မြန်မာအစိုးရဘက်က ငြင်းပယ်ခဲ့ပြီး လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း အာဆီယံ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ အောက်ခြေအဆင့် အရာရှိများကိုသာ စေလွှတ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent