ဝေါမြို့နယ် ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ယာဉ်တစ်စီးပေါ် လိုက်ပါလာသည့် ခရီးသည်တစ်ဦးထံမှ ပစ္စတို ၁၆ လက်နှင့် ခဲယမ်းများ ဖမ်းဆီးရမိ

ဝေါမြို့နယ် ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ယာဉ်တစ်စီးပေါ် လိုက်ပါလာသည့် ခရီးသည်တစ်ဦးထံမှ ပစ္စတို ၁၆ လက်နှင့် ခဲယမ်းများ ဖမ်းဆီးရမိ
Published 24 October 2024

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ယာဉ်တစ်စီးပေါ် လိုက်ပါလာသည့် ခရီးသည်တစ်ဦးထံမှ ပစ္စတို ၁၆ လက်နှင့် ခဲယမ်းများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ည ၆ နာရီခွဲဝန်းကျင်အချိန်ခန့်က အဆိုပါ ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်တွင် မော်လမြိုင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသော  “ရာဇာအောင် ခရီးသည်တင်မှန်လုံယာဉ်ပေါ်လိုက်ပါလာကြသည့် ခရီးသည်များအနက်မှ ခုံအမှတ် (၁၁) နှင့် (၁၂) တွင်လိုက်ပါလာသည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ (၁) ရပ်ကွက်၊ လပြည့်လမ်း နေ အသက် (၃၂) နှစ်အရွယ် ကိုကိုနိုင် (ခ) ကိုနိုင် ဆိုသူထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုကိုနိုင်(ခ)ကိုနိုင် ဆိုသူ၏ထိုင်ခုံ ရှေ့ခြေထောက်နှစ်ဖက်ကြားတွင် ညှပ်ထားသော Sport တံဆိပ်ပါ ကျောပိုးအိတ်အတွင်းမှ ခဲစက္ကူများနှင့်ပတ်ထားသော ပစ္စတို ၁၆ လက်၊ ၎င်းကျည်အိမ် ၃၂ ခု၊ 9mm Luger ကျည် ၃၉၀ တောင့်၊ 380 Auto ကျည် ၁၄၀ တောင့်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေး အဖွဲ့နှင့် နီးစပ်သူတစ်ဦး၏  ပြောကြားချက်များအရ သိရသည်။

အဆိုပါ လက်နက်ခဲယမ်းများအား ဘုရားသုံးဆူမြို့၊ ကရင်စုပိုင်း(၃)လမ်းထပ်နေ သက်ပိုင်ဦး ဆိုသူမှ မန္တလေးသို့ ပို့ဆောင်ခိုင်းသဖြင့် ထိုင်းဘတ်ငွေ ၂၀၀၀၀ ဖြင့် သွားရောက်ပို့ဆောင်ပေးစဉ် ယခုကဲသို့ အဖမ်းခံ ခဲ့ရခြင်းဖြစ်သည်ဟု ကိုကိုနိုင်(ခ)ကိုနိုင် ဆိုသူမှ ထွက်ဆိုချက်ပေးထားကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကိုကိုနိုင် (ခ) ကိုနိုင် က အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဘုရားသုံးဆူမြို့ကနေ မော်လမြိုင်မြို့ကို အငှားယာဉ်ငယ်နဲ့ ထွက်လာပြီးတော့ မော်လမြိုင်မြို့၊ နဝရတ်တည်းခိုခန်းမှာ (၂) ညတည်းခို ခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။ မော်လမြိုင်မြို့ကနေ မန္တလေးမြို့ကို အောက်တိုဘာလ (၂၃) ရက်နေ့ ညနေပိုင်းမှာ “ရာဇာအောင် ခရီးသည်တင်မှန်လုံယာဉ်နဲ့ လိုက်ပါလာစဉ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ် ဟု ပြောကြားသည်။

မန္တလေးမြို့၊ ကျွဲဆည်ကန် ကားဝင်းသို့ ရောက်ရှိပါက သက်ပိုင်ဦး ဆိုသူထံ ဆက်သွယ်ပြီး ၎င်း၏အစီအစဉ်ဖြင့် ယင်းလက်နက်ခဲယမ်းများအား ပို့ဆောင်ပေးရမည်ဖြစ်ကြောင်းကို ထွက်ဆိုထားကြောင်းလည်း ၎င်းလုံခြုံရေး အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိထားသည့် ကိုကိုနိုင် (ခ) ကိုနိုင် ဆိုသူအား ဥပဒေနှင့်အညီအမှုဖွင့်အရေးယူထားကြောင်းနှင့် ကွင်းဆက်တရားခံများကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ် နေကြောင်း သတင်းရရှိသည်။

ဘိုဘိုမြင့်        

Most Read

Most Recent