မဟတ္တမဂန္ဒီ၏ ၁၅၅ နှစ်မြောက် မွေးနေ့အခမ်းအနား ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာတွင် ပြုလုပ်

မဟတ္တမဂန္ဒီ၏ ၁၅၅ နှစ်မြောက် မွေးနေ့အခမ်းအနား ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာတွင် ပြုလုပ်
Published 3 October 2024

မဟတ္တမဂန္ဒီ၏ ၁၅၅ နှစ်မြောက် မွေးနေ့အခမ်းအနားကို ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ အိန္ဒိယစင်တာတွင် အောက်တိုဘာ ၂ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို အိန္ဒိယသံရုံနှင့် ဦးနေအုပ်ဖောင်ဒေးရှင်းနှင့်ပူးပေါင်းပြုလုပ်ခဲ့ပြီး  ဖိတ်ကြားထားသည့် နိုင်ငံတကာသံရုံများမှ သံတမန်များ၊ နိုင်ငံရေးပါတီများ၊ တတ်သိပညာရှင်များ၊ ပရဟိတအဖွဲ့များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြားနက်ရှိုင်းသော မိသားစုနှင့် ဆွေမျိုးရင်းချာဆက်ဆံရေးကို အလေးပေးပြောကြားခဲ့ပြီး မဟတ္တမဂန္ဒီ၏ သွန်သင်ချက်ဖြစ်သော စစ်မှန်သည့် လွတ်မြောက်ရေးလမ်းစဉ်သည် တွေ့ဆုံဆွေးနွေးရေး၊ လူမှုပြုပြင်ပြောင်းလဲရေးနှင့် အန္တိမပန်းတိုင်ကို ရှာဖွေရာတွင် ဆင်းရဲသားများကို မြှင့်တင်ရန်နှင့် ဂုဏ်သိက္ခာရှိသောဘဝကို ဆောင်ရွက်ပေးရန်စသည်တို့တွင် အခြေခံကြောင်း အလေးထားပြောကြားခဲ့သည်။

ထို့နောက်  မဟတ္တမဂန္ဒီရေးသားခဲ့သည့်  “The Story of My Experiments with Truth” စာအုပ်နှင့် “Hind Swaraj” စာအုပ်တို့၏ မြန်မာဘာသာပြန် စာအုပ်များကို ရွှေတိဂုံစေတီတော် ဂေါပကနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (IT- BMU) တို့မှ ကိုယ်စားလှယ်များထံ အိန္ဒိယသံအမတ်ကြီး Abhay Thakur က ပေးအပ်ခဲ့သည်။

ဆက်လက်၍ စာရေးဆရာ ဦးဟိန်းလတ်၊ ဒေါက်တာတင်မောင်ထွေးနှင့် ဦးနေအုပ်ဖောင်ဒေးရှင်းမှ ပညာရေးဆိုင်ရာပညာရှင် ဦးနေအုပ်တို့က မဟတ္တမဂန္ဒီဘဝအကြောင်းအရာများကို ဟောပြောခဲ့ကြသည်။

ထို့ပြင် မြန်မာတေးသံရှင် မေသူခိုင်က  “Vaishnava Jana Toh” တေးသီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ပြီး  မဟတ္တမဂန္ဒီ၏ အတွေးအခေါ်တို့အား သရုပ်ပြမှုအနေဖြင့် တင်ဆက်သည့် Swami Vivekananda Cultural Centre မှ ကျောင်းသား/သူများ၏ ယဉ်ကျေးမှုဆိုင်ရာကပြဖျော်ဖြေခဲ့ကြောင်းသိရသည်။

Most Read

Most Recent