မန်ယူနည်းပြ တန်ဟက်ဂ်၏ ပြိုင်ပွဲစုံနောက်ဆုံး (၂၈) ပွဲရလဒ်မှာ ဗလင်စီယာအသင်းကို ကိုင်တွယ်စဉ်က ဂယ်ရီနဗီးလ်၏ မှတ်တမ်းထက် ဆိုးရွားနေ

မန်ယူနည်းပြ တန်ဟက်ဂ်၏ ပြိုင်ပွဲစုံနောက်ဆုံး (၂၈) ပွဲရလဒ်မှာ ဗလင်စီယာအသင်းကို ကိုင်တွယ်စဉ်က ဂယ်ရီနဗီးလ်၏ မှတ်တမ်းထက် ဆိုးရွားနေ
Photos: Reuters
Photos: Reuters
Published 2 October 2024

 

မန်ယူနည်းပြ တန်ဟက်ဂ်၏ ပြိုင်ပွဲစုံ နောက်ဆုံး (၂၈) ပွဲရလဒ်မှာ လက်ရှိတွင် ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင် ဂယ်ရီနဗီးလ် ဗလင်စီယာအသင်းကို ကိုင်စဉ်က ရလဒ်ထက်ပင် ပိုမိုဆိုးရွားနေကြောင်း သိရသည်။ 

မန်ယူအသင်းသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က စပါးအသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ (၀-၃) ဂိုးဖြင့် ရှုံးနိမ့်ပြီး နောက် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၆) အပြီးတွင် ရမှတ် (၇) မှတ်သာ ရရှိထားသည်။ မန်ယူအသင်းသည် တန်ဟက်ဂ် လက်ထက်တွင် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကလည်း ပရီးမီးယားလိဂ်တွင် အဆင့် (၈) သာ ရရှိခဲ့ပြီး အသင်းသမိုင်းတွင် အဆိုးရွားဆုံးရပ်တည်မှု ဖြစ်ခဲ့သည်။ 

ယခုအခါ မန်ယူအသင်း အားပေးသူပရိသတ်များသည် တန်ဟက်ဂ်၏ ပြိုင်ပွဲစုံနောက်ဆုံး (၂၈) ပွဲရလဒ်ကို ဗလင်စီယာအသင်းကို ကိုင်တွယ်စဉ်က နာမည်ပျက်ခဲ့ရသည့် အသင်းဂန္ထဝင်ကစားသမား ဂယ်ရီနဗီးလ်၏ စံချိန်နှင့် နှိုင်းယှဉ်ခဲ့ခြင်းဖြစ်သည်။ 

မန်ယူအသင်းသည် လက်ရှိနည်းပြ တန်ဟက်ဂ်၏ပြိုင်ပွဲစုံ နောက်ဆုံး (၂၈) ပွဲတွင် (၁၃) ပွဲအထိ ရှုံးနိမ့်ထားပြီး သွင်း ဂိုး (၃၅) ဂိုးသာ ရရှိခဲ့ကာ (၄၅) ဂိုးအထိ ပြန်ပေးခဲ့ရသည်။ ယင်းမှတ်တမ်းမှာ ၂၀၀၆ ခုနှစ်တွင် ဗလင်စီယာအသင်းကို ကိုင်တွယ်ခဲ့ဖူးသည့် ဂယ်ရီနဗီးလ်၏ မှတ်တမ်းထက်ပင် ပိုမို ဆိုးရွားနေခြင်းဖြစ်သည်။ 

ဂယ်ရီနဗီးလ်သည် ဗလင်စီယာအသင်း၏နည်းပြအဖြစ် ကိုင်တွယ်စဉ်က ပြိုင်ပွဲစုံ (၂၈) ပွဲတွင် (၁၁) ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး သွင်းဂိုး (၃၉) ဂိုး ရရှိခဲ့ကာ (၃၈) ဂိုး သာ ပြန်ပေးခဲ့ရသည်။ ဂယ်ရီနဗီးလ်သည် ဗလင်စီယာအသင်းကို ကိုင်တွယ်စဉ်က လာလီဂါ (၁၆) ပွဲတွင် (၃) ပွဲသာအနိုင်ရခဲ့ပြီး ဘာစီလိုနာအသင်းကို (၀-၇)ဂိုးဖြင့် ရှုံးနိ်မ့်ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ 

ထို့ကြောင့် ဘောလုံးပရိသတ်များက လက်ရှိတွင်ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် ဂယ်ရီနဗီးလ်ကို ကမ္ဘာ့အဆိုးဆုံးနည်းပြအဖြစ် သတ်မှတ်ကြသည်။ ယခုအခါ မန်ယူနည်းပြ တန်ဟက်ဂ်၏မှတ်တမ်းမှာ ဂယ်ရီနဗီးလ်ထက်ပင် ဆိုးရွားနေသည့်အတွက် မန်ယူပရိသတ်များသည် ၎င်းကို အလွန်စိတ်ပျက်နေကြကြောင်း သိရသည်။ 

Most Read

Most Recent