ကြည့်မြင်တိုင်မြို့နယ်  အလတ်ချောင်းနှင့် စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး နှစ်ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး Smart Card လုပ်နေသည့် ဒေသခံအချို့အပါအ၀င် ၁၀ ဦးကျော် ဒဏ်ရာရရှိ

ကြည့်မြင်တိုင်မြို့နယ်  အလတ်ချောင်းနှင့် စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး နှစ်ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး Smart Card လုပ်နေသည့် ဒေသခံအချို့အပါအ၀င် ၁၀ ဦးကျော် ဒဏ်ရာရရှိ
Published 30 September 2024

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်  အလတ်ချောင်းနှင့် စက်ဆန်း ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး နှစ်ရုံးတွင် ယနေ့(စက်တင်ဘာ ၃၀ ရက်) မွန်းတည့် ၁၂ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားပြီး Smart ကတ်လာရောက်လုပ်နေသည့် ဒေသခံအချို့အပါအ၀င် ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အလတ်ချောင်း ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး ပေါက်ကွဲမှုတွင် Smart cardပြုလုပ်ရန် ရောက်ရှိနေသူများ အပါအဝင် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူများ စုစုပေါင်း ခုနစ်ဦး  ဗုံးစထိမှန်ဒါဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွင် ပေါက်ကွဲမှုမှာ လူတစ်ဦးက ရေဘေးနှင့် နွမ်းပါးသူများကိုလှူဒါန်းရန်အတွက်ဟုဆိုကာ  ဆန်အိတ်များ၊ ဆီပုံးများ ပေးပို့ခဲ့ကြောင်း၊ ယင်းသို့ ပေးပို့ထားသည့် ပစ္စည်းများအနက် ဆန်အိတ်အတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သည့် တယ်လီဂရမ်ချန်နယ်အချို့တွင် ေဖာ်ပြထားမှုအရ သိရသည်။ 

အလားတူ  စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ယနေ့(စက်တင်ဘာ ၃၀ ရက်) မွန်းတည့် ၁၂ နာရီခန့်၌ပင် ဆီပုံးများကြားမှ ပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး လေးဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိ ရသည်။ 

ထိုသို့ ဒဏ်ရာရရှိသူများအား အမှတ်(၂)တပ်မတော် ဆေးရုံ(ခုတင်-၅၀၀)သို့ ပို့ဆောင်ကုသပေးထားကြောင်းသိရသည်။ 

ထို့အတူ အင်းစိန်မြို့နယ် အောင်ဆန်းဈေးရှေ့တွင် စက်တင်ဘာ ၂၆ ရက်ညပိုင်းက PDF နှစ်ဦး ရာအိမ် အောင်ဆန်းရပ်ကွက်တွင်နေထိုင်သည့် ရာအိမ်မှူးဦးဇော်မင်းထွန်းကို သေနတ်ဖြင့် ပစ်သတ်သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။ 

စက်တင်ဘာ ၂၀ ရက်ကလည်း  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက် ငုဝါမြို့နှင့် ဝဇီရာလမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား စက်တင်ဘာ ၂၀ ရက်တွင် သေနတ်ကိုင်ဆောင်ထားသူအချို့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးနှင့်  ရာအိမ်မှူးတစ်ဦး သေဆုံးကာ ရပ်ကွက်ရုံးစာရေးတစ်ဦး တစ်ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက်ရုံးတွင် ဝင်ရောက်ပစ်ခတ်မှုအား PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့်  Anonymous Force(ရန်ကုန်စစ်ဒေသခွဲ)က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က Exile  မီဒီယာအချို့ကို ထုတ်ဖော်ပြောကြားခဲ့သည်ကို တွေ့ရသည်။ 

ယင်းနောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက်ရုံးတွင် ဝင်ရောက်ပစ်ခတ်ခဲ့သည့် 

Anonymous Force အဖွဲ့၏ ခေါင်းဆောင်အပါအ၀င် ၁၂ ဦးကို ဖမ်းဆီးရမိကြောင်း စက်တင်ဘာ ၂၈ ရက်တွင် နစကက ထုတ်ပြန်ထားသည်။

 

Most Read

Most Recent