အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုများအကြားတွင် ပြည်တွင်း စည်းလုံးညီညွတ်မှု ယိုင်နဲ့နေပါက နိုင်ငံ ပျောက်သွားနိုင်သည်အထိ အန္တရာယ်ကြီးမားသဖြင့် EAO များနှင့် PDF များအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကမ်းလှမ်းခြင်းဖြစ်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုများအကြားတွင် ပြည်တွင်း စည်းလုံးညီညွတ်မှု ယိုင်နဲ့နေပါက နိုင်ငံ ပျောက်သွားနိုင်သည်အထိ အန္တရာယ်ကြီးမားသဖြင့် EAO များနှင့် PDF များအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကမ်းလှမ်းခြင်းဖြစ်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
နစကနှင့် EAO များ ယခင်တွေ့ဆုံဆွေးနွေးထားမှုများကို တွေ့ရစဥ်။ Photo -cincds
နစကနှင့် EAO များ ယခင်တွေ့ဆုံဆွေးနွေးထားမှုများကို တွေ့ရစဥ်။ Photo -cincds
Published 28 September 2024

အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုများ အကြားတွင် ပြည်တွင်းစည်းလုံးညီညွတ်မှု ယိုင်နဲ့နေပါက နိုင်ငံပျောက်သွားနိုင်သည်အထိ အန္တရာယ်ကြီးမားသဖြင့် EAO များနှင့် PDF များအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကမ်းလှမ်းခြင်းဖြစ်ဟုနစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်သည့် ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

" အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတော် တည်ငြိမ်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာ ထိခိုက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီကြေညာချက်ကိုထုတ်ခြင်း ဖြစ်ပါတယ်။ ဒီကြေညာချက် ထုတ်ပြန်ရခြင်း အကြောင်းအရင်းတွေကတော့ (၁) ယနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ (၂) ပြောင်းလဲလာတဲ့ နိုင်ငံတကာ အခြေအနေ၊ (၃) ငြိမ်းချမ်းရေးကို လိုလားတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များရဲ့ သဘောဆန္ဒတွေ ကြောင့်ပဲ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်အနေနှင့် နိုင်ငံရေးတာဝန် ရယူခဲ့ရခြင်း၏ အဓိက အခြေခံအကြောင်းတရားသည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုများ ဖြစ်ပွားခဲ့သည့်အတွက် နိုင်ငံရေးတာဝန် ယူခဲ့ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက " ဒါ နိုင်ငံရေးအရ မသမာမှုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ညစ်တယ်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။ နိုင်ငံရေး ပြဿနာပါ။ ဒါကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ တပ်မတော်က တရားဥပဒေနဲ့အညီ တောင်းဆိုခဲ့ပါတယ်။ လွှတ်တော်နည်းလမ်း၊ အခြေခံဥပဒေခုံရုံးနည်းလမ်း၊ တရားလွှတ်တော်ချုပ်နည်းလမ်း၊ အစိုးရနဲ့ အဓိကတာဝန်ရှိသူတွေက ဖြေရှင်းပေးရမယ့်နည်းလမ်း၊ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းဖို့ ဆောင်ရွက်ခဲ့ပါတယ်။ မရခဲ့ပါဘူး။ နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး NUG၊ PDG အမည်ခံအကြမ်းဖက်အဖွဲ့တွေ တည်ထောင်ပြီး အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ပါတယ်။ ပြည်သူကို ခြိမ်းခြောက်ခဲ့ပါတယ်" ဟု  ပြောကြားသည်။

အကြမ်းဖက်မှုများ၊ PDF များ၏ တိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်း၌ ပညာရေးဝန်ထမ်း၊ ဆရာမ၊ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ ရဟန်းသံဃာ ၈၄ ပါး အပါအဝင် ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ရပြီး ဗုံးဖောက်ခွဲမှု ၉၀၀၀ ကျော်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘဏ်များ၊ လူနေအိမ်များ အပါအဝင် အခြေခံအဆောက်အအုံ မီးရှို့ဖျက်ဆီးခဲ့မှု ၁၃၀၀ ကျော် ရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

" ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြန်သွားနိုင်ဖို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စတင်နေပြီ ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားတိုင်း နေရာဒေသမရွေး ဒီမိုကရေစီစနစ်ကို ရယူခံစားနိုင်ခွင့်ရှိဖို့ လိုပါတယ်။ ပြည်သူ့အစိုးရကို ပြည်သူလူထုက လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိရပါမယ်။ ဒီအတွက် လွတ်လပ်စွာ ဆန္ဒမဲ ပေးနိုင်ရပါမယ်။ ဒီလိုဖြစ်ဖို့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ အရေးကြီးလှပါတယ်။ ဒါကို ဖော်ဆောင်နိုင်ဖို့ ဒီကြေညာချက် ထွက်ပေါ်လာရခြင်း ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အပြင် လက်ရှိ မြန်မာနိုင်ငံ၏ နေရာဒေသ အများစု၌ မိုးနှောင်းကာလ ရေကြီးရေလျှံမှုဒဏ်၊ သဘာဝဘေးဒဏ်များကို ခံစားနေရပြီး ယင်းအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်နိုင်ရန် တည်ငြိမ်အေးချမ်းဖို့ လိုအပ်ခြင်းကြောင့် ပြည်သူလူထုအပေါ် စာနာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံရခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

" ဒုတိယအချက်အနေနဲ့ကတော့ ဒီကနေ့ နိုင်ငံတကာ အခြေအနေတွေကို လေ့လာကြည့်ရင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ ဒေသတွင်း အင်အားကြီးနိုင်ငံများရဲ့ အကျိုးစီးပွားပြိုင်ဆိုင်မှုဟာ ပိုမိုများပြား ပြင်းထန်လာတာကို တွေ့ရပါမယ်။ ရုရှား-ယူကရိန်း ကိစ္စ၊ အရှေ့အလယ်ပိုင်း ကိစ္စ၊ တောင်တရုတ်ပင်လယ် ကိစ္စတွေဟာ ထင်ရှားတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့နိုင်ငံလို နိုင်ငံငယ်တွေအနေနဲ့ ပြည်တွင်းစည်းလုံးညီညွတ်မှု ခိုင်မာဖို့ လိုအပ်ပါတယ်။ ပြည်တွင်းစည်းလုံးညီညွတ်မှု ယိုင်နဲ့နေရင် နိုင်ငံတကာ ပြိုင်ဆိုင်မှုတွေအကြားမှာ နိုင်ငံပါ ပျောက်သွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားလှပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းညီညွတ်မှုကို ဦးတည်ပြီး ဒီကြေညာချက် ထွက်ပေါ်လာရခြင်းပဲ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အပြင် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် အချို့သော တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့များ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ ဆန္ဒသဘောထားများကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကမ်းလှမ်းခြင်းဖြစ်ပြီး ယင်းအဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီး၏ ငြိမ်းချမ်းရေးဆန္ဒကို အစိုးရက အထူးကျေးဇူးတင်ပါကြောင်းနှင့် အထူးအလေးထားပါကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်အနေနှင့် နိုင်ငံတော်တာဝန်ကို ရယူထမ်းဆောင်ခဲ့ရချိန်ကစပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များကို နိုင်ငံ့ခေါင်းဆောင်နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ခဲ့ပြီး NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့ (၇)ဖွဲ့၊ NCA လက်မှတ်မရေးထိုးသေးသည့်အဖွဲ့ (၃)ဖွဲ့၊ စုစုပေါင်း (၁၀)ဖွဲ့တို့က ခေါင်းဆောင်များနှင့် ၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း သုံးကြိမ်တိုင်တိုင် ဆွေးနွေးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တွေ့ဆုံဆွေးနွေးရာတွင် ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေနှင့်များ NCA လက်မှတ်ရေးထိုးထားတဲ့ EAO များနှင့် ၅၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် EAO များနှင့် ၂၄ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၁၅ ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များ၊ Stakeholder များနှင့် ၃ ကြိမ် စုစုပေါင်း ၉၈ ကြိမ် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

" လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေ၊ ပြည်သူပိုင် အခြေခံအဆောက်အအုံတွေ၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေ များစွာဆုံးရှုံးခဲ့ရပါတယ်။   ဒါကြောင့် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေနဲ့ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကို စွန့်လွှတ်ပြီး ဒီမိုကရေစီလမ်းစဉ်၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့ကိုက်ညီတဲ့ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတို့ကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ကြဖို့ ကမ်းလှမ်းဖိတ်ခေါ်ရခြင်းပဲ ဖြစ်ပါတယ်။ ပြည်သူလူထုအပေါ်မှာ စစ်မှန်တဲ့ စေတနာရှိရင်  ပြည်သူကို မျက်နှာမူ ငြိမ်းချမ်းရေးကို ရှေးရှုကြပါ။ ပြည်သူ့ဆန္ဒအလေးထား အကြမ်းဖက်လုပ်ငန်းစဉ်များကို ရှောင်ရှားကြပါ။ ပြည်သူ့အရေးအလေးပေး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြပါလို့ ပြောကြားလိုပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAO)များနှင့် PDF များ အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်အပ်ပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

Most Read

Most Recent