ဂျပန်စစ်သင်္ဘောတစ်စင်း ထိုင်ဝမ်ရေလက်ကြားမှ ပထမဆုံးအကြိမ် ဖြတ်သန်းခုတ်မောင်း

ဂျပန်စစ်သင်္ဘောတစ်စင်း ထိုင်ဝမ်ရေလက်ကြားမှ ပထမဆုံးအကြိမ် ဖြတ်သန်းခုတ်မောင်း
ဂျပန်ဖျက်သင်္ဘော ဆာဇာနမိအား ၂၀၁၇ ခုနှစ်က တွေ့ရစဉ်(Photo: Reuters)
ဂျပန်ဖျက်သင်္ဘော ဆာဇာနမိအား ၂၀၁၇ ခုနှစ်က တွေ့ရစဉ်(Photo: Reuters)
Published 26 September 2024

ဂျပန်၏ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အခိုင်အမာပြသရန်အတွက် ဂျပန်စစ်သင်္ဘောတစ်စင်းသည် ထိုင်ဝမ်ရေလက်ကြားမှ ပထမဆုံးအကြိမ် ဖြတ်သန်းခဲ့သည်ဟု ပြည်တွင်းမီဒီယာများက စက်တင်ဘာ ၂၆ ရက်တွင် ဖော်ပြခဲ့သည်၊

တရုတ်လေယာဉ်တင်သင်္ဘောတစ်စင်း ထိုင်ဝမ်ကျွန်းအနီးရှိ ဂျပန်နိုင်ငံပိုင်ကျွန်းနှစ်ကျွန်းကြားမှ ဖြတ်သန်းခုတ်မောင်းခဲ့ပြီး သီတင်းတစ်ပတ်အကြာ၌ ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဂျပန်အစိုးရ ထိပ်တန်းပြောခွင့်ရ ယိုရှိမာဆာဟာယာရှိက စစ်ဆင်ရေးနှင့် သက်ဆိုင်မှုကြောင့်ဟုဆိုကာ အဆိုပါ သတင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ကီလိုမီတာ ၁၈၀ (၁၁၂ မိုင်) ကျယ်ဝန်းသော ထိုင်ဝမ်ရေလက်ကြားအား နိုင်ငံတကာ ရေလမ်းကြောင်းတစ်ခုအဖြစ် ပီပီပြင်ပြင်ပုံဖော်ရန်အတွက် အဆိုပါရေလက်ကြားမှ ဖြတ် သန်းသွားလာမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

ဂျပန်၏ ဆာဇာနမိဟု အမည်ရသော ဖျက်သင်္ဘောသည် စက်တင်ဘာ ၂၅ ရက်က မကြုံစဖူးအဖြစ် ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါနေ့တွင် နယူးဇီလန်နှင့် သြစတြေးလျ စစ်သင်္ဘောများကလည်း အကဲဆတ်သော ထိုရေလက်ကြားမှ ဖြတ်သန်းခဲ့သည်ဟု နယူးဇီလန်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

နယူးဇီလန် စစ်သင်္ဘောတစ်စင်းသည် လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကို အခိုင်အမာ ပြသရန်အတွက် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းခဲ့ကြောင်း၊ ၎င်းနှင့်အတူ သြစတြေးလျ၏ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောတစ်စင်းလည်း အတူလိုက်ပါလာခဲ့ကြောင်း နယူးဇီလန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနအား ပြောကြားခဲ့သည်။

အဆိုပါ မစ်ရှင်အား ဂျပန်နှင့်အတူ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်းလည်း အဆိုပါတာဝန်ရှိသူက ဆိုသည်။

ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် မကြာသေးမီက ဂျာမနီစစ်သင်္ဘောနှစ်စင်းသည်  ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းခုတ်မောင်းခဲ့သည်။

ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ဂျပန်၊ သြစတြေးလျနှင့် နယူးဇီလန်တို့က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ဂျပန်မီဒီယာများက ဖော်ပြလျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်၏လေယာဉ်တင်သင်္ဘောကြီး လျောင်နင်သည် ထိုင်ဝမ်အနီးရှိ ဂျပန်နိုင်ငံပိုင် ကျွန်းနှစ်ကျွန်းကြားမှ ပထမဆုံးအကြိမ် ဖြတ်သန်းခုတ်မောင်းခဲ့ကာ ၎င်းနှင့်အတူ ဖျက်သင်္ဘောနှစ်စင်းလည်း အတူလိုက်ပါလာခဲ့ကြောင်း သိရသည်။

ဖျက်သင်္ဘောနှစ်စင်း ခြံရံထားသော တရုတ်လေယာဉ်တင်သင်္ဘောကြီးသည် ဂျပန်တောင်ပိုင်း ယိုနဂုနိနှင့် အိရိယိုမိုတဲ ကျွန်းစုအကြားဖြတ်သန်းခုတ်မောင်းကာ ဂျပန်ကမ်းရိုးတန်းမှ ရေမိုင် ၂၄ မိုင် အကွာအထိ ဆန့် တန်းတည်ရှိသော ဧရိယာထဲသို့ ဝင်ရောက်ခဲ့သည်ဟု သိရသည်။

ဂျပန်အစိုးရအနေဖြင့် မိမိတို့၏ အကြီးအကျယ် စိုးရိမ်မှုများကို တရုတ်နိုင်ငံဘက်သို့ အသိပေးထားကြောင်း၊ အဆိုပါဖြစ်စဉ်သည် ဂျပန်နိုင်ငံနှင့်ဒေသတွင်း လုံခြုံရေးဝန်းကျင် ရှုထောင့်အရလုံးဝလက်သင့်မခံနိုင်စရာဖြစ် ကြောင်း ဂျပန်အစိုးရအဖွဲ့ လက်ထောက်အတွင်းဝန်ချုပ် ဟိရိုရှိမိုရိယက ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။         

Ref: AFP

Most Read

Most Recent