ယူရိုပါလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Roma
Photo: Roma
Published 26 September 2024

ဖီနာဘာချီ နှင့် ဆန်လွိုက်ဆီ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)

အစ္စတန်ဘူလ်ဒါဘီမှာ ဖီနာဘာချီအသင်းရဲ့ နာမည်ကြီးနည်းပြ မော်ရင်ဟို ရှုံးပွဲစတွေ့ခဲ့ရပြီး ဖိအားလည်း အနည်းငယ် ရှိလာတယ်။ ဂျက်ကို၊ တာဒစ်၊ မက်ဆီမင်၊ ဖရက်ဒ်၊ အမ်ရာဘတ်၊ အန်ဆက်ဆီရီ၊ ဆိုယွန်ဂျူတို့ရှိနေတဲ့ ဖီနာဘာချီအသင်းလူစာရင်းက အခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကောင်းကောင်းစိန်ခေါ်နိုင်စွမ်း ရှိပါတယ်။ ဆန်လွိုက်ဆီအသင်းက ဘယ်လ်ဂျီယံပြည်တွင်းလိဂ်မှာတောင် ရုန်းကန်နေရတယ်။ ဖီနာဘာချီပဲ နိုင်ဖို့ များပါတယ်။

အေဂျက်စ် နှင့် ဘက်ဆစ်တက် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ဘက်ဆစ်တက်အသင်းမှာ အီမိုဘီလီ၊ ယာအိုမာရီယို၊ ပေါ်လစ္စတာ၊ မာဆူအာကူတို့ ကစားနေပေမဲ့ အများစုက အကျကစားသမားတွေ ဖြစ်နေတယ်။ အေဂျက်စ်အသင်းကိုပဲ ရွေးချယ်တာပိုကောင်းမယ်။

လိုင်ယွန် နှင့် အိုလံပီယာကော့စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

အိုလံပီယာကော့စ်အသင်းက ပြီးခဲ့တဲ့ရာသီ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ မထင်မှတ်ဘဲဗိုလ်စွဲပြီး ဥရောပဖလားရတဲ့ ပထမဆုံး ဂရိကလပ်ဖြစ်ခဲ့တယ်။ အခုနွေရာသီမှာလည်း ဝီလံယံ၊ ယာရမ်ချု့ခ်တို့လို ကစားသမားတွေအပါအဝင် အတော်လေးအားဖြည့်ထားတာ တွေ့ရတယ်။ ဒါပေမဲ့ အိုလံပီယာကော့စ်အသင်းရဲ့ကစားသမားစုဖွဲ့မှုက လိုင်ယွန်အသင်းထက်တော့ အနည်းငယ် နိမ့်နေသေးတယ်။ ပြင်သစ်မြေလည်းဖြစ်လို့ လိုင်ယွန်ပဲ အနိုင်ရလိမ့်မယ်။

ရိုးမား နှင့် ဘီလ်ဘာအို (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ရိုးမားအသင်းက နည်းပြသစ် ဂျူရစ်ရဲ့ပွဲဦးထွက်မှာ စီးရီးအေဇယားထိပ်ဆုံးရောက်နေတဲ့ အူဒီးနီးစ်အသင်းကို အနိုင်ကစားခဲ့ပြီး အဖွင့်လှခဲ့ပါတယ်။ အသင်းလိုက်ယုံကြည်မှုပိုင်း မြင့်တက်လာမှာ သေချာပေမဲ့ ဂျူရစ်ရဲ့အသင်းကို ဆက်လက် စောင့်ကြည့်ရဦးမှာဖြစ်တယ်။ ဘီလ်ဘာအိုအသင်းက ဒီရာသီ လာလီဂါ (၇)ပွဲမှာ (၂)ပွဲ ရှုံးထားတယ်ဆိုပေမဲ့ ဘာစီလိုနာ၊ အက်သလက်တီကိုအသင်းတွေကို အရေးနိမ့်ခဲ့တာဖြစ်တယ်။  ဗိုလ်လုပွဲကို အိမ်ကွင်း ဆန်မာမီးစ်မှာ ပြုလုပ်မှာဖြစ်လို့ ဘီလ်ဘာအိုအနေနဲ့ မျှော်လင့်ချက်ကြီးကြီးထားနေမှာ သေချာပါတယ်။ ဘီလ်ဘာအို မရှုံးလောက်ဘူး။

စပါး နှင့် ကာရာဘတ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

စပါးအသင်းက ဥရောပအစဉ်အလာ ပိုကြီးမားတဲ့ မန်ယူအသင်းကိုကျော်ပြီး ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်နေတာက အနည်းငယ်တော့ ထူးဆန်းနေတယ်။ ဒါပေမဲ့ စပါးအသင်းနည်းပြ ပိုစတီကိုဂလူး ကြုံးဝါးထားသလို သူ့ရဲ့ဒုတိယရာသီ အစဉ်အလာကလည်း ရှိနေသေးတယ်။ ပိုစတီကိုဂလူးက အသင်းငယ်တွေမှာသာ စွမ်းဆောင်ပြခဲ့လို့ အခု စပါးအသင်းမှာသာ ထပ်လုပ်ပြနိုင်ရင် မှတ်ကျောက်တင်ပြီးသား ဖြစ်သွားလိမ့်မယ်။ ကာရာဘတ်အသင်းက ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ အနည်းငယ်ပြန်ကျသွားသလိုပါပဲ။ အိမ်ရှင် စပါးအသင်း အနိမ့်ဆုံး(၂)ဂိုးလောက် ပြတ်လိမ့်မယ်။

Most Read

Most Recent