မြန်မာ့အရေးအကျပ်အတည်းကို အားလုံးပါဝင်သော စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် ဖြေရှင်းရေးနှင့် အားလုံးပါဝင်သည့် ဒီမိုကရေစီစနစ်သို့ပြန်သွားရေး Quad ခေါင်းဆောင်များ ပူးတွဲထုတ်ပြန်ချက်၌ ထည့်သွင်းတောင်းဆို

မြန်မာ့အရေးအကျပ်အတည်းကို အားလုံးပါဝင်သော စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် ဖြေရှင်းရေးနှင့် အားလုံးပါဝင်သည့် ဒီမိုကရေစီစနစ်သို့ပြန်သွားရေး Quad ခေါင်းဆောင်များ ပူးတွဲထုတ်ပြန်ချက်၌ ထည့်သွင်းတောင်းဆို
Published 26 September 2024

မြန်မာ့အရေးအကျပ်အတည်းကို အားလုံးပါဝင်သော စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် ဖြေရှင်းရေးနှင့် အားလုံးပါဝင်သည့် ဒီမိုကရေစီစနစ်သို့ပြန်သွားရေး Quad ခေါင်းဆောင်များ ပူးတွဲထုတ်ပြန်ချက်၌ ထည့်သွင်းတောင်းဆိုခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် ၎င်း၏ဇာတိမြေ ဝီလ်မင်တန်တွင် Quad ခေါင်းဆောင်များနှင့် ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက်ထိပ်သီးညီလာခံ၌ အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်တို့၏ခေါင်းဆောင်များကို လက်ခံတွေ့ဆုံခဲ့ပြီး ယင်းအစည်းအဝေးအပြီး၌ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ရာတွင် အကြောင်းအရာပေါင်း စုံပါဝင်ခဲ့သည့်အနက် မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ထည့်သွင်းတောင်းဆိုခဲ့သည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၌ ပိုမိုဆိုးရွားလာသော နိုင်ငံရေး၊ လုံခြုံရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတို့ကို ၎င်းတို့က အလွန်အမင်းစိုးရိမ်သည်ဟု ဖော်ပြခဲ့သည်။

ထို့အပြင် တိုက်ပွဲများ အပစ်အခတ်ရပ်စဲရေးကို ထပ်လောင်းတောင်းဆိုခဲ့သည့် အပြင်ထိန်းသိမ်းခံထားရသူများ၊ ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရေး၊ ဘေးကင်းပြီး အနှောင့်အယှက် အဟန့်အတားမရှိ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ခွင့်ရှိရေး၊ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအကြားတွင် အပြုသဘောဆောင်ပြီး အားလုံးပါဝင်သော စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် အကျပ်အတည်းကို ဖြေရှင်းရေး၊ အားလုံးပါဝင်သော ဒီမိုကရေစီစနစ်သို့ ပြန်သွားရေးတို့ကိုလည်း ထပ်မံတောင်းဆိုခဲ့သည်။

အာဆီယံဥက္ကဋ္ဌနှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တို့၏ ဆောင်ရွက်ချက်များအပါအဝင် အာဆီယံဦးဆောင်သော ကြိုးပမ်းအားထုတ်မှုတို့ကို ၎င်းတို့ခိုင်ခိုင်မာမာထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။

အာဆီယံဘုံသဘောတူညီချက်ငါးရပ်အရ ဆောင်ရွက်စရာကိစ္စအားလုံးကို အပြည့်အဝအကောင်အထည်ဖော်ရေးအတွက် တောင်းဆိုကြောင်းလည်း Quad ခေါင်းဆောင်များက ဖော်ပြခဲ့သည်။

ထို့အပြင် ဖြစ်ပွားနေဆဲပဋိပက္ခနှင့် မတည်ငြိမ်မှုတို့က ဒေသတွင်း စိုးရိမ်စရာကောင်းသော သက်ရောက်မှုများရှိနေသည်ဟုဆိုသည်။ စိုးရိမ်စရာကောင်းသော အချက်များထဲတွင် ဆိုက်ဘာရာဇဝတ်မှုကဲ့သို့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ မြင့်တက်လာခြင်း၊ တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ လူကုန်ကူးမှုတို့ ပါဝင်သည်ဟုဖော်ပြထားသည်။

လက်နက်စီးဆင်းမှု၊ လေယာဉ် လောင်စာဆီအပါအဝင် စစ်ဘက်နှင့် အရပ်ဘက်နှစ်မျိုးသုံးနိုင်သော ပစ္စည်းကိရိယာများ စီးဆင်းမှုတို့ကို တားဆီးရန် နိုင်ငံအားလုံးကို ၎င်းတို့ မေတ္တာရပ်ခံသည်ဟု ထပ်လောင်းဖော်ပြခဲ့သည်။

၎င်းတို့အနေဖြင့် မြန်မာပြည်သူများကို အပြည့်အဝဆက်လက်ထောက်ခံကြောင်း၊ မြန်မာပြည်သူများက ဦးဆောင်သောလုပ်ငန်းစဉ်ဖြင့် အကျပ်အတည်းကို ခိုင်ခိုင်မာမာ ဖြေရှင်းသည့် နည်းလမ်းအားရှာဖွေရန် လက်တွေ့ကျပြီး အပြုသဘောဆောင်သော နည်းလမ်းဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့်အတူ ၎င်းတို့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည့်အပြင် ဒီမိုကရေစီလမ်းကြောင်းသို့ မြန်မာနိုင်ငံပြန်သွားရေးကိုလည်း ကွပ်ခေါင်းဆောင်တို့က တောင်းဆိုခဲ့သည်။

Quad ခေါင်းဆောင်များသည် လွန်ခဲ့သော လေးနှစ်အတွင်းတွင် ခြောက်ကြိမ်တွေ့ဆုံခဲ့ ကြသည်။ ထိုခြောက်ကြိမ်ထဲက နှစ်ကြိမ်သည် အွန်လိုင်းမှ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ 

Quad နိုင်ငံခြားရေးဝန်ကြီးများသည် ရှစ်ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်ရာ အနီးဆုံးအနေဖြင့် လွန်ခဲ့သော ဇူလိုင်လထဲတွင် ဂျပန်နိုင်ငံ၌ တွေ့ဆုံခဲ့ကြသည်

အမေရိကန်ပြည်ထောင်စု ဒယ်လ်လာဝဲ၌ ပြုလုပ်သော ထိပ်သီးညီလာခံတွင် Quad ခေါင်းဆောင်များသည် ပူးပေါင်းဆောင်ရွက်ရွက်ရေးကိစ္စများ၊ Quad အဖွဲ့ ရေရှည်ရပ်တည် သွားရေးအစီအမံများကို ကြေညာခဲ့သည်။         

Ref:The White House

Most Read

Most Recent