ရေကြီးရေလျှံမှုများဖြစ်ပေါ်မှုကြောင့် သေဆုံးခဲ့သူ တစ်ဦးလျှင် ၁၀ သိန်း ကျပ်နှုန်းဖြင့် ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ငွေများ စတင်ပေးအပ်နေ

ရေကြီးရေလျှံမှုများဖြစ်ပေါ်မှုကြောင့် သေဆုံးခဲ့သူ တစ်ဦးလျှင် ၁၀ သိန်း ကျပ်နှုန်းဖြင့် ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ငွေများ စတင်ပေးအပ်နေ
Published 24 September 2024

 

ရေကြီးရေလျှံမှုများဖြစ်ပေါ်မှုကြောင့် သေဆုံးခဲ့သူတစ်ဦးလျှင် ၁၀ သိန်းကျပ်နှုန်းဖြင့် နိုင်ငံတော်အစိုးရက ကျန်ရစ်သ ူမိသားစုထံ ထောက်ပံ့ငွေများစတင်ပေးအပ်နေကြောင်းသိရသည်။

မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ အပါအဝင် ထိခိုက်ဒဏ်ရာ ရရှိမှု၊ ပျက်စီးဆုံးရှုံးမှုများအပေါ် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ အမြန်ဆုံး ပေးအပ်နိုင်ရေး နစကဥက္ကဋ္ဌက စက်တင်ဘာ ၁၇ ရက်တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် လမ်းညွှန်ခဲ့မှုအရ  သေဆုံး၊ ဒဏ်ရာရရှိသူများအနက် သေဆုံးသူများကို ဦးစားပေး အဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အလှူရှင်များက ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ စက်တင်ဘာ ၂၄ ရက်တွင် နေပြည်တော်ကောင်စ ီနယ်မြေအတွင်း မုန်တိုင်းနောက်ဆက်တွဲ ဒဏ်ကြောင့် သေဆုံးခဲ့သည့်သူများ အနက် ပုဗ္ပသီရိမြို့နယ်မှ သေဆုံးသူ ၁၁ ဦး၊ ပျဉ်းမနားမြို့နယ်မှ သေဆုံးသူခုနစ်ဦး၊ ဇေယျာသီရိမြို့နယ်မှ သေဆုံးသူလေးဦးတို့အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ  ငါးသိန်းကျပ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ သုံးသိန်းကျပ် နှင့် နေပြည်တော်ကောင်စီမှ နှစ်သိန်းကျပ်၊ စုစုပေါင်း သေဆုံးသူ တစ်ဦးလျှင် ၁၀ သိန်းကျပ်နှုန်းဖြင့် ၂၂ ဦးတို့၏ မိသားစုဝင်များ လက်ဝယ်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များထံသို့လည်း ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးမှု အခြေအနေများအပေါ် မူတည်၍လည်း လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ဆက်လက်ဆောင်ရွက်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရာဂိတိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်ရေဘေး ဖြစ်ပွားမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ် ပေါင်း ၅၄ မြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခဲ့မှုကြောင့် ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ   ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတားအချို့ ရေတိုက်စားပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာနအဆောက်အဦ၊ စာသင်ကျောင်း၊ အခြား အဆောက်အဦများအား ရေဝင်နစ်မြှုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူနှင့် တိရစ္ဆာန်များ သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။

 စက်တင်ဘာ ၂၁ ရက် စာရင်းများအရ လုံးဝပျက်စီးသွားသည့် အဆောက်အဦပေါင်း ၂၁၄၉ လုံး၊ တစ်စိတ် တစ်ပိုင်း ပျက်စီးခဲ့သည့် အဆောက်အဦပေါင်း ၃၄၅၅ လုံး၊ ရေဝင်နစ်မြှုပ်ခဲ့သည့် အဆောက်အဦပေါင်း ၁၃၆၀၂၃ လုံး စုစုပေါင်း ၁၄၁၆၂၇ လုံးနှင့် စာသင်ကျောင်းပေါင်း ၅၄၆ ကျောင်း ရေဝင်နစ်မြှုပ်ပျက်စီးခဲ့ကြောင်း သိရသည်။

 ထို့ပြင် လူဦးရေ ၁၄၈၆၄၃ ဦး ရေဘေး ဒုက္ခရောက်ခဲ့ပြီး ၃၈၄ ဦး သေဆုံးခဲ့ကာ နေပြည်တော်မှ ၁၆၄ ဦး၊ ကရင်ပြည်နယ်မှ ငါးဦး၊ ပဲခူးတိုင်းဒေသကြီးမှနှစ်ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၃၄ ဦး၊ ရှမ်းပြည်နယ်မှ ၇၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှတစ်ဦးဖြစ်ပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိကြောင်းနှင့် ဘာသာရေးနှင့်ပတ်သက်ပြီး ၄၃၅ ကျောင်း၊ လမ်းတံတား ၅၃၃ ခု ၊ လျှပ်စစ်မီးတိုင် ၂၄၈၉ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၉၉ ခု ပျက်စီးခဲ့ပြီး တိရစ္ဆာန် သေဆုံးမှု ၁၄၄၉၉၈ ကောင်နှင့် စပါးစိုက်ဧက ၇၃၅၄၆၁ ဧက ပျက်စီးခဲ့ကြောင်း သိရသည်။

Most Read

Most Recent