အာဆင်နယ်နှင့်ပွဲတွင် မန်စီးတီးအတွက် ဟာလန်း ပြိုင်ပွဲစုံဂိုး(၁၀၀)ပြည့်သွင်းယူနိုင်ခဲ့ပြီး စီရော်နယ်လ်ဒို၏ ပွဲအနည်းဆုံးဖြင့် ဂိုး(၁၀၀)ပြည့်သည့်စံချိန်ကို လိုက်မီသွားခဲ့

အာဆင်နယ်နှင့်ပွဲတွင် မန်စီးတီးအတွက် ဟာလန်း ပြိုင်ပွဲစုံဂိုး(၁၀၀)ပြည့်သွင်းယူနိုင်ခဲ့ပြီး စီရော်နယ်လ်ဒို၏ ပွဲအနည်းဆုံးဖြင့် ဂိုး(၁၀၀)ပြည့်သည့်စံချိန်ကို လိုက်မီသွားခဲ့
Photo : Getty Images
Photo : Getty Images
Published 23 September 2024

မန်စီးတီးအသင်း၏ တိုက်စစ်မှူးဟာလန်းသည် တနင်္ဂနွေနေ့က အာဆင်နယ်နှင့် ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီးကစားသမားဘ၀ ပြိုင်ပွဲစုံဂိုး(၁၀၀)ပြည့်သွင်းယူနိုင်ခဲ့ပြီး စီရော်နယ်လ်ဒို၏ ပွဲအနည်းဆုံးဖြင့် ဂိုး(၁၀၀)ပြည့်သည့်စံချိန်ကို လိုက်မီသွားခဲ့ကြောင်း သိရသည်။

ဟာလန်းသည် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၀၅)ပွဲကစားအပြီးတွင် ဂိုး(၁၀၀)ပြည့်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး စီရော်နယ်လ်ဒိုမှာလည်း ရီးယဲလ်အသင်းတွင် ယှဉ်ပြိုင်ကစားစဉ်က သွင်းဂိုး(၁၀၀)ပြည့်မြောက်ရန် (၁၀၅)ပွဲသာ ကစားခဲ့ရသည်။

အဆိုပါစံချိန်မှာ ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲ(၅)ခုတွင် ပွဲအနည်းဆုံးဖြင့် ဂိုး(၁၀၀)အမြန်ဆုံးပြည့်မြောက်သည့်စံချိန်ဖြစ်ပြီး ယခုအခါ ဟာလန်းက စီရော်နယ်လ်ဒိုနှင့်အတူ ပူးတွဲရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ဟာလန်းသည် အင်တာမီလန်နှင့် ယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပါက စီရော်နယ်လ်ဒို၏ စံချိန်ကို ကျော်ဖြတ်နိုင်မည့် အခွင့်အရေးရှိခဲ့သော်လည်း ယင်းပွဲမှာ ဂိုးမရှိသရေရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့သည်။

သို့သော် ဟာလန်းသည် ပရီးမီးယားလိဂ်တွင်မူ ရာသီအဖွင့်(၅)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး စုစုပေါင်း(၁၀)ဂိုးရှိလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရာသီအစ၌ ပရီးမီးယားလိဂ်သွင်းဂိုး(၁၀)ဂိုးကို ပွဲအရေအတွက်အနည်းဆုံးဖြင့် သွင်းယူနိုင်သည့် စံချိန်သစ်ကိုလည်း ပိုင်ဆိုင်ခဲ့သည်။ ယခင်က ရာသီအစ ပရီးမီးယားလိဂ်သွင်းဂိုး(၁၀)ဂိုးကို ပွဲစဉ်(၆)ပွဲကစားအပြီးတွင် သွင်းယူနိုင်သည့် ကစားသမားသာ ရှိခဲ့ဖူးပြီး ကိုဗင်ထရီတိုက်စစ်မှူးဟောင်းမစ်ကွင်းက ၁၉၉၂-၉၃ ရာသီနှင့် ဟာလန်းကိုယ်တိုင် ၂၀၂၂- ၂၃ ရာသီတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဟာလန်းက ပွဲစဉ်(၅)ပွဲတွင် (၁၀)ဂိုးသွင်းယူပြီး စံချိန်သစ်ရရှိခဲ့ခြင်း ဖြစ်သည်။

ဟာလန်းသည် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ဂိုး(၁၀၀)နှင့်အထက် သွင်းယူနိုင်သည့် (၁၉)ဦးမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ မန်စီးတီးအသင်းအတွက် သမိုင်းတစ်လျှောက် ဂိုး အများဆုံးသွင်းယူပေးထားသည့် ကစားသမားမှာ အာဂျင်တီးနားတိုက်စစ်မှူးဟောင်း အဂွဲရိုးဖြစ်ပြီး ဂိုးပေါင်း(၂၆၀) သွင်းယူခဲ့ခြင်းဖြစ်သည်။ အဂွဲရိုးသည် မန်စီးတီးအသင်းအတွက် ဂိုး(၁၀၀)ပြည့်မြောက်ရန် (၁၅၈)ပွဲအထိ အချိန်ယူခဲ့ရကြောင်း သိရသည်။

ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းနားက မန်စီးတီးအတွက် ဂိုး(၁၀၀)နှင့်အထက် သွင်းယူနိုင်သည့် (၁၈)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လက်ရှိအချိန်၌ (၁၀၃)ဂိုး သွင်းယူထားကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိယှဉ်ပြိုင်ကစားနေသည့် ကစားသမားများထဲ၌ မန်စီးတီးအသင်းအတွက် ဂိုး(၁၀၀)နှင့်အထက် သွင်းယူနိုင်သည့်ကစားသမား နှစ်ဦးရှိလာခဲ့ပြီဖြစ်သည်။ အာဆင်နယ်နှင့်ပွဲတွင် မန်စီးတီးအသင်းအတွက် ချေပဂိုးကို ပွဲချိန်(၉၈)မိနစ်ရောက်မှ သွင်းယူနိုင်ခဲ့ခြင်းကြောင့် မန်စီးတီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နောက်အကျဆုံးသွင်းယူနိုင်သည့် ဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ဒုတိယပိုင်း၌ ဂိုးကန်သွင်းမှု (၂၈)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ ခြင်းမှာလည်း ပရီးမီးယားလိဂ်၏ ဒုတိယအများဆုံးစံချိန်ကို လိုက်မီခဲ့ကြောင်း သိရသည်။

Most Read

Most Recent