ပအိုဝ်းဒေသတွင် ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်သည့်အဖွဲ့သည် NCA အား ချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းနှင့် စစ်ရေးဖော်ဆောင်လာခြင်းများကြောင့် PNLO အဖွဲ့မှ နုတ်ထွက်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာ ကြေညာ

ပအိုဝ်းဒေသတွင် ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်သည့်အဖွဲ့သည် NCA အား ချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းနှင့် စစ်ရေးဖော်ဆောင်လာခြင်းများကြောင့် PNLO အဖွဲ့မှ နုတ်ထွက်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာ ကြေညာ
Published 16 September 2024

ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်သည့် အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အား ချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာခြင်း၊ စစ်ရေးဖော်ဆောင်လာခြင်းများကြောင့် ပအိုုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နုတ်ထွက်ကြောင်း စက်တင်ဘာ ၁၀ ရက်တွင်  PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ကြေညာချက်ထုတ်ပြန်သည်။

PNLO သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

PNLO ဥက္ကဋ္ဌများအဖြစ် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ခွန်မြင့်ထွန်းနှင့် ဗိုလ်မှူးကြီး ခွန်သူရိန်တို့သည် ၂ဝဝ၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အလှည့်ကျတာဝန်ယူခဲ့ကြကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

PNLO အနေဖြင့် NCA ကို ထိန်းသိမ်းလိုက်နာပြီး ပြည်သူလူထုအကျိုးကို ကြိုးပမ်းဆောင်ရွက်နေချိန်တွင် လက်ရှိဥက္ကဋ္ဌဖြစ်သူသည် စုပေါင်းဦးဆောင်မှုအရ မဟုတ်ဘဲ တစ်ဦးတစ်ယောက်သော သဘောထားဆန္ဒဖြင့် မူဝါဒအလွှဲသုံးစားပြုလုပ်ခဲ့ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NCA မှ သွေဖည်ချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာခြင်း၊ စစ်ရေးဖော်ဆောင်လာခြင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားတပ်ဖွဲ့ (PNO/PNA) နှင့် နစကကို ရန်သူအဖြစ် သတ်မှတ်၍ ဆန့်ကျင်တိုက်ခိုက်လာခြင်း၊ ဆီဆိုင်မြို့အပါအဝင် မဲနယ်တောင်ဒေသအတွင်း မြို့ပြကျေးရွာများကို ပျက်စီးဆုံးရှုံးစေခြင်းနှင့် ပအိုဝ်းပြည်သူများ စစ်ပြေးစစ်ရှောင်များပြားစေခြင်းတို့ကို မျက်ဝါးထင်ထင် တွေ့ရှိရသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ ထုတ်ပြန်ချက်၏ မူဝါဒအလွှဲသုံးစားပြုလုပ်မှုတွင် ဖော်ပြထားသည်။

ထို့ကြောင့် PNLO ၏ ဦးဆောင်နာယက တစ်ဦးအနေဖြင့် မလွှဲမရှောင်သာ တာဝန်ရှိသည့်အပေါ်တွင် လက်ရှိခွန်သူရိန် ဦးဆောင်သည့် (PNLO ခွဲထွက်) အဖွဲ့မှ အပြီးအပိုင် နုတ်ထွက်ကြောင်း ဆုံးဖြတ်လိုက်ရပါသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ကြေညာချက် ထုတ်ပြန်သည်။

နောက်နောင် PNLO ခွဲထွက်၏ လုပ်ဆောင်မှုအဝဝသည် ၎င်းနှင့် လုံးဝသက်ဆိုင်တော့မည် မဟုတ်ကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ကြေညာချက်ထုတ်ပြန်သည်။

ထိုသို့ PNLO ခွဲထွက်အဖွဲ့မှ နုတ်ထွက်ပြီးသော်လည်း ၎င်းအနေဖြင့် အမျိုးသားနိုင်ငံရေးလုပ်ငန်းများကို လက်မလျှော့ပဲ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပအိုဝ်းပြည်သူများထံ ကတိပြုကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

၂ဝဝ၉ ခုနှစ် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် ပြုလုပ်သော အမျိုးသားညီလာခံတစ်ရပ်မှ PNO အဖွဲ့မှ ခွဲထွက်ကျန်ရစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်သောအဖွဲ့နှင့် ရလလဖ (SNPLO) မှ ခွဲထွက်လာသူ ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်သော အင်အားစုများသည် အခြားပအိုဝ်းအင်အားစုငယ်များ ဝန်းရံ၍ PNLO ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဖွဲ့စည်းပြီးနောက် PNLO သည် ပအိုဝ်းအမျိုးသား တော်လှန်ရေးနှင့် ပအိုဝ်းအမျိုးသားနိုင်ငံရေးလုပ်ငန်းများတွင် ကြိုးပမ်းဆောင်ရွက်နိုင်ရုံမျှမက မဟာမိတ်အ ဖွဲ့အစည်းများနှင့်အတူ နိုင်ငံတော်အဆင့် နိုင်ငံရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခဲ့ကြောင်း၊ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်များချုပ်ဆိုခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်မှုကြောင့် တရားဝင်အဖွဲ့အစည်းတစ်ရပ်အ ဖြစ် ရပ်တည်လာနိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။               

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (PNLO/PNLA) သည် ရှမ်းပြည်တောင်ပိုင်း ပအိုးအမျိုးသားဒေသသို့ ၂၀၁၂ ခုနှစ်တွင် ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပအိုဝ်းအမျိုးသားနိုင်ငံရေးလုပ်ငန်းများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသား တပ်ဖွဲ့ (PNO/PNA) နှင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာ ၂၀၂၃ ခုနှစ် နှစ်ကုန်အထိဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent