မြန်မာပလာဇာရှေ့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် သစ်ပင်လဲကျသဖြင့် မော်တော်ယာဉ်နှစ်စီး ပိမိကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့

မြန်မာပလာဇာရှေ့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် သစ်ပင်လဲကျသဖြင့် မော်တော်ယာဉ်နှစ်စီး ပိမိကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့
Published 10 September 2024

မြန်မာပလာဇာရှေ့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် သစ်ပင်လဲကျသဖြင့် မော်တော်ယာဉ်နှစ်စီး ပိမိကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါနေရာတွင် ရောက်ရှိနေသူများနှင့် ရွှေရုပ်လွှာပရဟိတအသင်းထံမှ သိရသည်။

စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် မြန်မာပလာဇာရှေ့ရှိ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် သစ်ပင်လဲကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာပလာဇာရှေ့ လမ်းနီမှတ်တိုင်တည့်တည့် သစ်ပင်လဲ၊ ကား နှစ်စီး ပိမိပါတယ်။ ဒဏ်ရာရသူမရှိပါ” ဟု ရွှေရုပ်လွှာအသင်းမှ ကိုရွှေမိုးအောင်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယင်းသို့ သစ်ပင်လဲကျခဲ့သည့် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမသို့ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

သစ်ပင်လဲကျခဲ့သဖြင့် လမ်းပိတ်ဆို့မှုများ နာရီနှင့်ချီကြာမြင့်ခဲ့သည်ဟု အဆိုပါနေရာတွင် ရောက်ရှိခဲ့သူတစ်ဦးက ပြောကြားသည်။

“ပထမတော့ ဘာဖြစ်မှန်းမသိဘူး။ နောက်မှ သစ်ပင်လဲနေလို့ ကားတွေသွားမရတော့ဘဲနဲ့ ပိတ်မိနေတာ။ အဲ့ဒီနားက ပြန်ထွက်နိုင်ဖို့ တစ်နာရီကျော်လောက်စောင့်လိုက်ရတယ်” ဟု အဆိုပါနေရာသို့ ရောက်ရှိခဲ့သူတစ်ဦးက စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က ပြောကြားသည်။

ယခုရက်ပိုင်းတွင် လေပွေလှိုင်းများ၊ မုန်တိုင်းများ၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပွားလျက်ရှိသည်။

Most Read

Most Recent