ကျိုက်ထိုမြို့နယ်ရှိ မရမ်ချောင် အမြဲတမ်း စစ်ဆေးရေးဂိတ်တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက် (Monkeypox) ရောဂါသံသယလူနာ၏ ဆေးစစ်ချက်အဖြေမှာ Negative ဖြစ်ကြောင်းသိရ

ကျိုက်ထိုမြို့နယ်ရှိ မရမ်ချောင် အမြဲတမ်း စစ်ဆေးရေးဂိတ်တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက် (Monkeypox) ရောဂါသံသယလူနာ၏ ဆေးစစ်ချက်အဖြေမှာ Negative ဖြစ်ကြောင်းသိရ
Published 7 September 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ (၅) ရက်နေ့ မွန်းလွဲ မွန်းလွဲပိုင်းအချိန်က  ခရီးသည်တင်မှန်လုံယာဉ်တစ်စီးပေါ်မှ တွေ့ရှိခဲ့ရသော မျောက်ကျောက် (Monkeypox) ရောဂါ သံသယလူနာ၏ ဆေးစစ်ချက်အဖြေမှာ Negative ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဌာန နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ မျောက်ကျောက် (Monkeypox) ရောဂါ သံသယလူနာထံမှ ဆေးစစ်ချက်နမူနာများရယူပြီး၊  ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ပို့ဆောင်စစ်ဆေးခဲ့ပြီးနောက် Negative အဖြေထွက်လာခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဌာန နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ခရီးသည်တင်ယာဉ်‌ပေါ်မှာ‌တွေ့ရှိခဲ့တဲ့ သံသယလူနာက ဖျားနာ‌နေပြီး၊  ကိုယ်လက်ကိုက်ခဲတာ၊ နောက် ခန္ဓာကိုယ်ပေါ်မှာ အရည်ကြည်ဖုလေးတွေတွေ့လို့ မျောက်ကျောက်ရောဂါလက္ခဏာတွေနဲ့ တူညီနေတဲ့အတွက်ကြောင့် အရည်ကြည်ဖုက ဓါတ်ခွဲနမူနာရယူပြီးတော့ ရန်ကုန်မှာရှိတဲ့ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့ခဲ့ပါတယ်။ မနေ့ (စက်တင်ဘာလ (၆) ရက်) မွန်းလွဲပိုင်းအချိန်မှာတော့ Negative အဖြေသိရပါတယ်။ အဲ့ဒီသံသယလူနာမှာ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုး မတွေ့ရှိရပါဘူး” ဟု ပြောကြားသည်။

ထို မျောက်ကျောက် (Monkeypox) ရောဂါ သံသယလူနာတွင် တွေ့ရှိရသည့် အရည်ကြည်ဖုများမှာ ၎င်းတွင်ကိုယ်ခံအားကျဆင်းလျက်ရှိသည့်ရောဂါကြောင့် ဖြစ်ပေါ်နေသော နောက်ဆက်တွဲ အရေပြားရောဂါသာဖြစ်ကြောင်းနှင့် ၎င်းအားဆေးကုသမှုပေးထားသည်ဟု သိရကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဌာန နှင့် နီးစပ်သူကဆိုသည်။

မျောက်ကျောက်ရောဂါ (Monkeypox) ကို ပြီးခဲ့သည့် ဩဂုတ်လ (၁၄) ရက်နေ့က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့သည်။

မျောက်ကျောက်ရောဂါ (Monkeypox) ရောဂါမှာ တိရစ္ဆာန်များမှတဆင့် ကူးစက်ခြင်း နှင့် လူအချင်းချင်းကူးစက်ခြင်းဟူ၍ (၂) မျိုးရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရသည်။

မျောက်ကျောက်ရောဂါ (Monkeypox) သံသယဖြစ်ဖွယ် လက္ခာဏာများမှာ မျက်နှာ၊ ပါးစပ်၊ လက်၊ ခြေထောက်၊ စအိုဝန်းကျင် နှင့် လိင်အင်္ဂါ အနီးဝန်းကျင်တွင် အနီကွက်များထွက်ခြင်း၊ အရည်ကြည်ဖုပေါက်ခြင်း၊ ဖျားခြင်း၊ ကိုယ်အပူချိန် ၃၈.၅ ဒီဂရီ စင်တီဂရိတ်နှင့်အထက်ပူခြင်း၊ အကျိတ်များရောင်ရမ်းခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ ကျောအောင့်ခြင်း၊ မောပန်းနွမ်းနွယ်ခြင်းတို့ဖြစ်တတ်ကြောင်း နှင့် မျောက်ကျောက်ရောဂါပိုး စတင်ဝင်ရောက်ပြီး (၁) ရက်မှ (၂၁) ရက်အတွင်း ရောဂါလက္ခဏာများစတင်ဖြစ်ပွားလေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ထုတ်ပြန်ချက်များအရ သိရသည်။

သတင်း - ဘိုဘိုမြင့်

Photo  - ကျိုက်ထိုမြို့နယ်ကျန်းမာရေး ဦးစီးဌာန

Most Read

Most Recent