■ လမ်းဟောင်းအတိုင်း ဆက်လျှောက်မှာလား အင်္ဂလန်

■ လမ်းဟောင်းအတိုင်း ဆက်လျှောက်မှာလား အင်္ဂလန်
Photo: Daily Mail
Photo: Daily Mail
Published 6 September 2024
Wai Yan Aung

အင်္ဂလန်အသင်းနဲ့ နည်းပြ ဆောက်ဂိတ် လမ်းခွဲခဲ့ချိန်မှာ နည်းပြသစ် ဘယ်သူဖြစ်လာမလဲဆိုတဲ့ အကြောင်းအရာက အင်္ဂလန်ပရိသတ်တိုင်းအတွက် စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။ အရည်အသွေးမြင့်မားတဲ့ နည်းပြတစ်ယောက်သာ ဦးဆောင်ခဲ့မယ်ဆိုရင် အင်္ဂလန်အသင်း ဆုဖလားအောင်ပွဲတွေ တစ်ခုပြီးတစ်ခု ရရှိနေပြီလို့ သူတို့ ယုံကြည်နေခဲ့ကြတာကိုး။ ဖြစ်နိုင်မယ်ဆိုရင်တော့ အင်္ဂလန်ကစားသမားတွေနဲ့လည်း အကျွမ်းတဝင်ရှိထားပြီးသားဖြစ်တဲ့ ဂွါဒီယိုလာလို၊ ယာဂန်ကလော့ပ်လို ထိပ်တန်းနည်းပြမျိုးကို အင်္ဂလန်နည်းပြအဖြစ် မြင်တွေ့ချင်ကြတာပေါ့။ အခုထိလည်း ဒါကို မျှော်လင့်လို့ ရနေပါသေးတယ်။ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်(FA)က နည်းပြသစ် ခန့်အပ်ဖို့ စိစစ်ရွေးချယ်နေတုန်း အချိန်ကာလပဲ ရှိသေးတာကြောင့်ပါ။ အခုက ယူ-၂၁ နည်းပြ လီကာစလေကို ယာယီနည်းပြအဖြစ် ခန့်အပ်ပြီး Nations League ပြိုင်ပွဲ ဆင်နွှဲသွားမယ့် အချိန်အခါပါ။ ဒါပေမဲ့ ယာယီနည်းပြ လီကာစလေကိုပဲ တရားဝင်နည်းပြအဖြစ် ခန့် အပ်လိုက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။