တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် နိုင်ငံတော်တွင် နိုင်ငံရေးအရ အကြပ်အတည်းများ ဖြစ်ပေါ်နေမှုကို အခွင့်ကောင်းရယူ၍ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်း ဆောင်ရွက်နေဟု နစက ဥက္ကဋ္ဌ ပြောကြား

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် နိုင်ငံတော်တွင် နိုင်ငံရေးအရ အကြပ်အတည်းများ ဖြစ်ပေါ်နေမှုကို အခွင့်ကောင်းရယူ၍ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်း ဆောင်ရွက်နေဟု နစက ဥက္ကဋ္ဌ ပြောကြား
Published 4 September 2024

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် နိုင်ငံတော်တွင် နိုင်ငံရေးအရအကြပ်အတည်းများဖြစ်ပေါ်နေမှုကို အခွင့်ကောင်းရယူ၍ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် နစက ဥက္ကဋ္ဌက ပြောကြားသည်။

စက်တင်ဘာ ၃ ရက်က တောင်ကြီးမြို့၊မြို့တော်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာ မှုများဖြစ်ပေါ်ခဲ့မှုနှင့် အဆိုပါ မဲမသမာမှုများကို တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့မှု၊ နိုင်ငံတော်တွင်ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှု၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးကို ဖော်ဆောင်ပေးနိုင်မည့် စစ်ဘက်၊ အရပ်ဘက်မှ ပုဂ္ဂိုလ်များကို ရွေးခြယ်၍ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့မှု၊ စတင်တာဝန်ထမ်းဆောင်ခဲ့စဉ် ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်ခဲ့ရသည့် အကြပ်အတည်းများနှင့် နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့်အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ရပ်များကို ဥပဒေနှင့်အညီထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌက ရှင်းလင်းပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်၍ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် ထိန်းထိန်းသိမ်းသိမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ခဲ့မှု၊ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော်တွင် နိုင်ငံရေးအရအကြပ်အတည်းများဖြစ်ပေါ်နေမှုကို အခွင့်ကောင်းရယူ၍ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ကြုံတွေ့လာခဲ့ရမှု၊ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများအနေဖြင့် နေရပ်ဒေသများနှင့် နေအိမ် စည်းစိမ်များကို စွန့်ခွာပြီး အခြားဘေးလွတ်ရာဒေသများတွင် ယာယီသွားရောက်ခိုလှုံ နေကြရမှု အခြေအနေများနှင့်ပတ်သက်၍လည်း နစက ဥက္ကဋ္ဌက ရှင်းလင်းပြောကြားသည်။

လက်ရှိအချိန်တွင် အဆိုပါ လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ ဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူများ၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ ပြည်သူလူထုအား လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကိုလုပ်ဆောင်လျက်ရှိမှု အခြေအနေများအား နစက ဥက္ကဋ္ဌက ရှင်းလင်းပြောကြားသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်မှု၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်းတည်ငြိမ် အေးချမ်းမှုများ အမြန်ဆုံးပြန်လည်ရရှိရေးအတွက် စည်းလုံးသောအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများအား နစက ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပိုးရယ်အောင်သိန်း၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent