ယီမင်ကမ်းရိုးတန်းအလွန်တွင် ဟူရ်သီတို့ ပစ်ခတ်ခဲ့ခြင်းကြောင့် မီးလောင်နေသည့် ရေနံတင်သင်္ဘောကို ဆယ်တင်ရေးလုပ်ငန်း စတင်နေပြီဟု အမေရိကန်ဗဟိုကွပ်ကဲရေးဌာန(CENTCOM)ပြောကြား

ယီမင်ကမ်းရိုးတန်းအလွန်တွင် ဟူရ်သီတို့ ပစ်ခတ်ခဲ့ခြင်းကြောင့် မီးလောင်နေသည့် ရေနံတင်သင်္ဘောကို ဆယ်တင်ရေးလုပ်ငန်း စတင်နေပြီဟု အမေရိကန်ဗဟိုကွပ်ကဲရေးဌာန(CENTCOM)ပြောကြား
ဟူရ်သီ၏အန်ဆာရူလာမီဒီယာစင်တာက ထုတ်ပြန်ပေးသောပုံ၌ ဂရိသင်္ဘောမီးလောင်နေပုံကို သြဂုတ် ၂၉ ရက်တွင် တွေ့ရစဉ် (Photo: AFP)
ဟူရ်သီ၏အန်ဆာရူလာမီဒီယာစင်တာက ထုတ်ပြန်ပေးသောပုံ၌ ဂရိသင်္ဘောမီးလောင်နေပုံကို သြဂုတ် ၂၉ ရက်တွင် တွေ့ရစဉ် (Photo: AFP)
Published 3 September 2024

လွန်ခဲ့သောလတွင် ယီမင်ကမ်းရိုးတန်းအလွန်၌ ဟူရ်သီသူပုန်တို့၏တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် မီးလောင်နေဆဲဖြစ်သောရေနံတင်သင်္ဘောကို စက်တင်ဘာ ၂ ရက်တွင် ဆယ်တင်ရေး မစ်ရှင်စတင်ခဲ့သည်ဟု အမေရိကန်ဗဟိုကွပ်ကဲရေးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

ဂရိအလံတင်ထားသော ရေနံတင်သင်္ဘောသည် သြဂုတ် ၂၁ ရက်တွင် ဟိုဒေဒါကမ်းရိုးတန်းအလွန်၌ ဟူရ်သီတို့ပစ်ခတ်သော ဒုံးကျည်ထိမှန်ခဲ့သည်။ ယင်းသို့ ထိမှန်ချိန်တွင် ရေနံတင်သင်္ဘောသည် ရေနံစိမ်း တန်ချိန် ၁၅၀,၀၀၀ တင်ဆောင်ထားသည်။

မီးလောင်လျက်ရှိပြီး ကြီးကြီးမားမားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်လာရန် ခြိမ်းခြောက်နေသော ခုတ်မောင်းနိုင်ခြင်းမရှိသော သင်္ဘောကို ပင်လယ်နီတောင်ပိုင်းတွင် ဆယ်တင်ရေး လုပ်ငန်းများဆောင်ရွက်နေသည်ဟု အမေရိကန်ဗဟိုကွပ်ကဲရေးဌာန CENTCOM က ဆိုရှယ် မီဒီယာ X တွင် ပို့စ်တင်ခဲ့သည်။

ဂရိပိုင်“ဆိုယူနီယံ”ရေနံတင်သင်္ဘာကို အီရန်ကျောထောက်နောက်ခံပေးထားသော ဟူရ်သီသူပုန်တို့က လွန်ခဲ့သော သီတင်းပတ်တွင် ဟိုဒေဒါကမ်းရိုးတန်းအလွန်၌ တိုက်ခိုက်ခဲ့သောကြောင့် ရေနံတင်သင်္ဘောပေါ်၌ မီးလောင်ခဲ့ရပြီး သင်္ဘောသားများကို ကယ်ထုတ်ခဲ့ရသည်။

ယီမင်၏ဟူရ်သီသူပုန်တို့က ပစ်မှတ်ထားခဲ့သော  ရေနံတင်သင်္ဘောဖြစ်ပြီး ယခုအခါ ရေနံဖိတ်စင်မှု အန္တရာယ်ရှိနေသော ဂရိရေနံတင်သင်္ဘောကို ဘေးကင်းအောင်လုပ်ဆောင်ရေးအတွက် ယင်းသူပုန်များက ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ အီရန်မစ်ရှင်က သြဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အီရန်အထောက်အပံ့ပေးထားသော ဟူရ်သီသူပုန်တို့က ၎င်းတို့သည် သင်္ဘောပေါ်တွင် ထောင်ချောက်ဗုံးများဆင်၍ ဖောက်ခွဲခဲ့သည်ဟု ပြောကြားခဲ့သည်။

“နိုင်ငံအချို့က အန်ဆာရူလာ(ဟူရ်သီ)ကို မေတ္တာရပ်ခံလာခဲ့ပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာရှိနေတဲ့ သင်္ဘောတွေကိုကယ်ဖို့နဲ့ ဆွဲသင်္ဘောတွေဝင်ရောက်ဖို့အတွက် ယာယီအပစ်အခတ်ရပ်စဲရေးအတွက် မေတ္တာရပ်ခံလာတာဖြစ်ပါတယ်”ဟု အီရန်မစ်ရှင်ကပြောကြားခဲ့သည်။ ယင်းသို့ပြောကြားရာတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များရှိနေပြီး မီးလောင်နေသည်ဟု ကိုးကားပြောဆိုခဲ့ကာ ဟူရ်သီ၏နာမည်ကွဲဖြစ်သော အန်ဆာရူလာကို ညွှန်းဆိုခဲ့သည်။

ဟူရ်သီတိုက်ခိုက်မှုများသည် မဆင်မခြင်လုပ်ဆောင်သော တိုက်ခိုက်မှုများဖြစ်သည်ဟု အမေရိကန်ဗဟိုကွပ်ကဲရေးဌာနက ရှုတ်ချခဲ့ပြီး ပင်လယ်နီဒေသ၌ ကုန်သွယ်ရေး အပေါ်သက်ရောက်မှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ လျော့ပါးသက်သာစေရေးတို့ကို အကာအကွယ်ပေးရန် နိုင်ငံတကာမိတ်ဖက်များ၊ မဟာမိတ်များနှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

သင်္ဘောဆယ်ယူရေးလုပ်ငန်းများကို လုပ်ဆောင်နေချိန်တွင် ဆွဲသင်္ဘောများကို အကာအကွယ်ပေးမည်ဟု ဥရောပသမဂ္ဂ၏ ပင်လယ်နီမစ်ရှင်ဖြစ်သော Aspides က ပြောကြားခဲ့သည်။

“သင်္ဘောရဲ့ကုန်းပတ်ပေါ်မှာမီးတွေ ဆက်လက်လောင်နေပါတယ်။ ဒါပေမဲ့ ရေနံဖိတ်စင်တာတွေကို မြင်ရတဲ့လက္ခဏာ မမြင်ရပါဘူး”ဟု ဥရောပမစ်ရှင်က ဆိုရှယ်မီဒီယာ X တွင် ဖော်ပြခဲ့သည်။

Ref: AFP

Most Read

Most Recent